ရွှေကျင်၊ ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ မုန်းမြို့နယ်တို့မှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၁၀ ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က မုန်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၄၃၉ ခြေမြန်တပ်ရင်းက စစ်မှုထမ်း တပ်သား လေးဦးဟာ KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၃ ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။
အလားတူ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ရွှေကျင်မြို့နယ် အခြေစိုက် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းက စစ်မှုထမ်း တပ်သား ခြောက်ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ လက်နက်ချ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားတွေဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၃ ၊ ၁၅ ၊ ၁၆ က သင်တန်းဆင်း တပ်သားတွေ ဖြစ်တယ်လို့ KNU က အမည်စာရင်းတကွ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း တပ်သား ၁၀ ဦးဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၃ ထံ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။
လက်နက်ချအလင်းဝင်လာတဲ့ တပ်သားတွေဟာ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံ ရသူတွေ ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်အတွင်းက အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာတော်လှန် ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ကြဖို့ KNU ဗဟိုက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

