ဘားအံ၊ ဖေဖော်ဝါရီ ၂၁

ကရင်အမျိုးသားအစည်းအရုံး KNU က ဦးဆောင်မှုနဲ့ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲတွေကို လာမယ့်နှစ်တွေမှာလည်း နေရာဒေသအသီးသီးရှိ ကရင်အမျိုးသားအဖွဲ့အစည်းတွေ ပိုမိုပါဝင်လာမှုကို လမ်းဖွင့်ပေးထားပြီး နှစ်စဉ်ပုံမှန် ကျင်းပပြုလုပ်သွားမယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြင့် ကရင်အမျိုးသားအချင်းချင်းကြား ပိုမိုသိရှိနားလည်းလာနိုင်တဲ့ အခွင့်အရေးတွေနဲ့ ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖြစ်ပေါ်စေတဲ့အတွက် လာမယ့်နှစ်တွေမှာလည်း နှစ်စဉ်ပုံမှန် ပြုလုပ်ကျင်းပသွားဖို့ သဘောထားရှိကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်စွဲနဲ့ KNU ဗဟိုက ကြေညာချက်ထုတ်ပြန်ထားတာပါ။

ကရင်အမျိုးသားတို့ရဲ့ အမျိုးသားရေးမျှော်မှန်းချက်နဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ရရှိအောင်မြင်ရေးအတွက် ကရင်အမျိုးသားအဖွဲ့အစည်းတို့ ပါဝင်သော ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲတစ်ရပ်ကို KNU ရဲ့ ဦးဆောင်မှုနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းကိုယ်စားလှယ်တွေ ကရင်လူမှုအဖွဲ့အစည်းတွေ KNU ဗဟို၊ ခရိုင်ခေါင်းဆောင်တွေ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က တပ်ဗိုလ်တပ်မှူးတွေနဲ့ အထူးဖိတ်ကြားထားတဲ့ ခေါင်းဆောင်ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်တင်ပြတာနဲ့ ကော်သူးလေတည်ဆောက်မှုဆိုင်ရာကိစ္စရပ်တွေ အုပ်ချုပ်ရေးဆိုင်ရာတည်ဆောက်မှုတွေ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေ စစ်ရေးဆိုင်ရာကိစ္စရပ်တွေ နိုင်ငံတကာမှာ KNU ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိနိုင်ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူတွေနဲ့ လူမှုရေးဆိုင်ရာကိစ္စရပ်တွေ ဒေသတွင်းပေါ်ပေါက်လာနေတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ စတဲ့ အကြောင်းအရာတို့ကို ဆန်းစစ်သုံးသပ်မှုတွေ ပြုလုပ်ပြီး နှီးနှောဖလှယ်ခဲ့ကြတယ်လို့ KNU က ဆိုထားပါတယ်။

တတ်သိပညာရှင်တွေ လူငယ်ပညာတတ်တွေက အမျိုးသားတာဝန်ဖြစ်တဲ့ ကရင်အမျိုးသားတော်လှန်ရေးတိုက်ပွဲနဲ့ ကော်သူးလေတည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ကျရာတာဝန်၊ တတ်မြောက်တဲ့အတတ်ပညာတို့နဲ့ လုပ်ဆောင်ပါဝင်နိုင်မယ့် အခင်းအကျင်းတွေ အတူတကွတည်ဆောက်သွားဖို့လည်းဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.