နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၁

မကြာမီ စစ်ကော်မရှင် ဖွဲ့စည်းလာမယ့် အစိုးရသစ်မှာ နိုင်ငံတော် သမ္မတ ဖြစ်လာမယ့်သူနဲ့ အသစ်ခန့်မယ့် တပ်ချုပ်တို့ဟာ စစ်တပ်အင်စတီကျူးရှင်းအပေါ် ဘယ်သူက အာဏာပိုကြီးလာနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

သမ္မတကို လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်တဲ့ ဥပဒေတွေ ပြင်ဆင်မှုနဲ့အတူ အစိုးရသစ်မှာ တပ်ချုပ် ခန့်အပ်ဖို့ စစ်ကော်မရှင်က ထုတ်ပြောခဲ့ပြီး ရက်ပိုင်းမှာတင် အာဏာသိမ်း စစ်ခေါင်းဆောင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်မယ့်သတင်း ပေါ်ထွက်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သင်္ကြန်မတိုင်ခင် မြန်မာ နိုင်ငံမှာ လွှတ်တော် ဖွဲ့စည်းကာ အစိုးရသစ်ဖွဲ့မယ့်အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဖူးခက်မြို့မှာ ထုတ်ပြောခဲ့ပါတယ်။

သမ္မတ၊ ဝန်ကြီးချုပ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အရေးကြီးတဲ့ ရာထူးတွေ ခန့်အပ်ပြီး အစိုးရသစ် ဖွဲ့စည်းဖို့ လုပ်ဆောင်နေတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က အလွတ်သဘောတွေ့ဆုံမှုအတွင်း ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်ချုပ်ရာထူးကနေ အနားယူမယ်ဆိုတဲ့ သတင်းကို BBC မြန်မာပိုင်းက သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းမှာ အချိန်ကိုက် ဖော်ပြလာပါတယ်။

ဒါကြောင့် သမ္မတ ဖြစ်ချင်တဲ့ အာသီသရှိလို့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံ့အကြီးအကဲဖြစ်မယ့် ရာထူးကို ဆုပ်ကိုင်မယ့် အလားအလာ ရှိနေတာပါ။

MDSI အဖွဲ့ ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက စစ်ခေါင်းဆောင်အနေနဲ့ သမ္မတ ဖြစ်ဖို့ စိတ်ဆန္ဒရှိပြီးသား ဖြစ်ပေမယ့် တပ်ချုပ်ရာထူးကို လက်လွှတ်ထားရမှာဖြစ်လို့ သူ့အတွက် အခက်အခဲရှိနိုင်တယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

ဒါပေမယ့် ဥပဒေပိုင်းဆိုင်ရာမှာ သမ္မတက စစ်တပ်ကို ဩဇာအာဏာချုပ်ကိုင်နိုင်မယ့် အခင်းအကျင်းတွေ ပြင်ဆင်လုပ်ဆောင်လာနိုင်ရင် သမ္မတရာထူးကို ရယူလိမ့်မယ်လို့ သူက အခုလို သုံးသပ်ပါတယ်။

“လာမယ့် အစိုးရ အကူးအပြောင်းမှာ သူဟာ သမ္မတရာထူးကို မယူသေးဘဲနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပူးတွဲရယူထားမယ့် အနေအထားပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်ဗျ။ သို့သော်လည်း ဥပဒေပိုင်းဆိုင်ရာအရ ပြင်ဆင်ပြောင်းလဲနိုင်တဲ့ အချက်တွေ ရှိမယ်၊ တပ်ကို ဆက်လက် ဩဇာချုပ်ကိုင်နိုင်မယ့် အခင်းအကျင်းတွေ ပြင်ဆင်နိုင်မယ်ဆိုရင်တော့ သူဟာ သမ္မတ ရာထူးကို ရယူပြီးတော့မှ သူ့တပည့်တစ်ယောက်ကို စတုတ္တမျိုးဆက်ထဲက ဗိုလ်ချုပ် ကျော်စွာလင်းတို့ ဗိုလ်ချုပ် ကိုကိုဦးတို့ မမျှော်လင့်ဘဲနဲ့ ဗိုလ်ချုပ် ရဲဝင်းဦးတောင်မှ (တပ်ချုပ်အသစ်) ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ချုပ်နဲ့ သမ္မတရာထူးကို ပုဂ္ဂိုလ်တစ်ဦးတည်းက ပူးတွဲထမ်းဆောင်လို့ မရသလို တပ်ချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အဖွဲ့ဝင်တွေရဲ့ အဆိုပြုထောက်ခံချက်နဲ့ သမ္မတက ခန့်အပ်တာ ဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ အဆိုပြုချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ် မတ်လမှာ တပ်ချုပ်ရာထူးကို ရယူခဲ့ပြီး NLD အစိုးရမတက်ခင် ၂၀၁၄ ခုနှစ် ကကနကောင်စီညွှန်ကြားလွှာအရ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့ရဲ့ သက်တမ်းကိုလည်း အသက် ၆၅ နှစ်အထိ တိုးမြှင့်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ ကကနကောင်စီညွန်ကြားလွှာကို ထုတ်ပြန်ခဲ့ပြီး အရင်က ကန့်သတ်ထားတဲ့ တာဝန်သက်တမ်းကို ပယ်ဖျက်ခဲ့ပါတယ်။ ဒါဟာ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့ဟာ လိုအပ်ချက်အရ အဲဒီရာထူးကို ဆက်လက် ရယူထားနိုင်တဲ့ သဘောပါ။

အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီ၊ စစ်ကော်မရှင်နဲ့ ကာလုံမှာလည်း ဥက္ကဌနဲ့ ယာယီသမ္မတအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မရှိတဲ့ နိုင်ငံတော် ဝန်ကြီးချုပ်ရာထူးကိုလည်း စစ်ခေါင်းဆောင်က ရယူခဲ့ဖူးပြီး အလုံးစုံအာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားတာပါ။

ဒီအခြေအနေမှာ အာဏာသိမ်းမှုကနေ ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် ပုံဖော်တော့မှာမို့ ပေါ်လာမယ့် လွှတ်တော်နဲ့ အစိုးရအခင်းအကျင်းမှာ အာဏာခွဲဝေရေးလည်း ရှိတာကြောင့် စစ်ခေါင်းဆောင်အတွက် ဗဟိုအာဏာကို ချုပ်ကိုင်နိုင်ရေးဟာ အရေးကြီးလာပါတယ်။

ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တတိယကြိမ်လွှတ်တော်မစတင်မီ ကာလုံရဲ့ သက်တမ်း မကုန်ဆုံးခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး‌ ဥပဒေကို ပြင်ဆင်ခဲ့သလို အတိုင်ပင်ကောင်စီဆိုတဲ့ ဥပဒေကိုလည်း ဖန်တီးခဲ့ပါတယ်။

အဖွဲ့ဝင် ရွေးချယ်တာနဲ့ ခုံရုံးရဲ့ သက်ရောက်မှုတွေကို အဓိကထား ပြင်ဆင်ခဲ့တာဖြစ်လို့ သမ္မတရဲ့ အာဏာစက်ကို အကန့်အသတ်မရှိ ဖြစ်လာစေပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ် အားကောင်းလာအောင် အသက်သွင်းမယ့် သက်ရောက်မှုလည်း ဖြစ်လာနိုင်တယ်လို့ ISP-Myanmar က သုံးသပ်ထားတာပါ။

တစ်ဘက်မှာ အစိုးရသစ်လက်ထက် သမ္မတက အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းပေးဖို့ အာဏာ အပ်နှင်းခံထားရပြီး ဥက္ကဌ ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်သတ်မှတ်ရေးမှာလည်း သတ်မှတ်ချက်မရှိတဲ့အတွက် စိတ်ကြိုက် ခန့်အပ်နိုင်မယ့် အနေအထား ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်တွေကို ရွေးချယ်ရာမှာ သတ်မှတ်အရည်အချင်းတွေ သီးသန့်ထုတ်လာရင်လည်း စစ်တပ်ကပဲ ပါတီ၊ လွှတ်တော်နဲ့ အမျိုးသားနိုင်ငံရေးတွေမှာ ခြယ်လှယ်မယ့် အနေအထားမျိုးလို့ သုံးသပ်ပါတယ်။

“အတိုင်ပင်ခံကောင်စီ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ သတ်မှတ်ချက်နဲ့ ကိုက်ညီရမယ့် အရည်အချင်းတွေကို ထပ်ထုတ်လာရင် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ ဘာလို့ဆို မင်းအောင်လှိုင်တို့က နဂိုကတည်းက အမိန့်ညွန်ကြားချက်တွေ ဥပဒေတွေကို သူတို့ လိုချင်သလို ဟုတ် ဟုတ် မဟုတ်ဟုတ် ထုတ်ပြီးတော့ လုပ်တတ်တယ်။ အဓိကတော့ ရာသက်ပန် တပ်ချုပ်ဦးစီးတဲ့ စစ်တပ်က လွှတ်တော်နိုင်ငံရေးရော ပါတီနိုင်ငံရေးရော အမျိုးသားနိုင်ငံရေးရော သူတို့ချည်းပဲ ထိပ်ဆုံးကနေ ဦးဆောင်ပြီးတော့ ချယ်လှယ်ချုပ်ကိုင်ချင်တဲ့ အနေအထားမျိုး ရှိတယ်”လို့ ဆိုပါတယ်။

အတိုင်ပင်ခံကောင်စီဟာ အစိုးရရဲ့ တာဝန်ဖြစ်တဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးအပြင် လွှတ်တော်ရဲ့တာဝန်ဖြစ်တဲ့ ဥပဒေပြဋ္ဌာန်းရေးမှာလည်း အကြံပေးညှိနှိုင်းတာတွေ လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ ဖွဲ့စည်းပုံအရ သမ္မတက တပ်ချုပ်ကို တိုက်ရိုက် ခန့်အပ်တာနဲ့ ဖြုတ်ထုတ်တာတွေ မလုပ်နိုင်သေးတဲ့ စပ်ကြားမှာ အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့နဲ့ သမ္မတကို လုပ်ပိုင်ခွင့်အာဏာတွေ တိုးမြှင့်ဖို့ ပြဋ္ဌာန်းတာလို့ ထောက်ပြတာလည်း ရှိနေတာပါ။

ဒါ့အပြင် အစိုးရသစ်ဖွဲ့စည်းရာမှာ ဝန်ကြီးချုပ် ခန့်အပ်မှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင် ပြောခွင့်က ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ဆိုလိုတာလို့ BBC မြန်မာပိုင်းကို ဖြေကြားထားတာ တွေ့ရပါတယ်။

တစ်ဘက်မှာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ အာဏာသိမ်းမှုအတွင်း ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေကနေ သဘောတူညီချက် ရရှိထားပေမယ့် လွှတ်တော်ကနေ မဲခွဲဆုံးဖြတ်ပြီးမှသာ အတည်ဖြစ်မှာပါ။

ဒါကြောင့် ဧပြီမှာ ဖွဲ့စည်းမယ့် အစိုးရသစ်မှာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို နိုင်ငံတော် သမ္မတကပဲ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေထဲက ပုဂ္ဂိုလ်တွေကို ရွေးချယ်ခန့်အပ်သွားမယ့် အနေအထားလို့ နားလည်ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.