ရေဖြူ၊ ဖေဖော်ဝါရီလ ၂၁

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာထဲမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ရွာသား ၁ ဦးကို စစ်ကော်မရှင် စစ်ကြောင်းက ပစ်သတ်ခဲ့တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မွန်းလွဲ ၁ နာရီခန့်မှာ ခလရ ၂၈၂ က ပူးပေါင်းအင်အား ၆၀ ကျော်ဟာ ကျေးရွာထဲကို ဝင်ရောက်လာခဲ့ပြီး ရွာလမ်းပေါ်မှာ တွေ့ရတဲ့ အမျိုးသား ၁ ဦးကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာတာကို မသိဘဲ ရွာထဲ ဝင်လာခဲ့တဲ့ အဲဒီအမျိုးသားကို စစ်ကော်မရှင်တပ်က စစ်ဆေးဖို့ ရပ်တန့်ခိုင်းတာကို ကြောက်ရွံ့ပြီး ပြေးလွှားခဲ့တာကြောင့် ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ကော်မရှင် စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ် ကိုရွှေအ ဆိုသူဟာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး စစ်ကြောင်းကတော့ ရွာဘုန်းကြီးကျောင်းထဲဝင်ရောက် အထိုင်ချ တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

စစ်ကြောင်းက ကျေးရွာထဲ ရုတ်တရက်ဝင်ရောက်လာတာကြောင့် ရွာခံတွေ ပိတ်မိနေခဲ့ပြီး ထွက် ပြေးတိမ်းရှောင်ချိန် မရလိုက်ဘူးလို့ ဆိုပါတယ်။

ဒေသခံတွေကလည်း စစ်ကြောင်းဝင်လာတာကြောင့် တိုက်ပွဲဖြစ်မှာစိုးရိမ်နေကြသလို တိုက်ပွဲဖြစ်လာပါက ကြားညှပ်ထိခိုက်မှာကို ပူပန်နေကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ သဘွတ်ချောင်းကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့က ဖမ်းသွားတဲ့ အမျိုးသမီး ရိုက်နှက်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.