ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀
အမေရိကန်အနေနဲ့ အီရန်နဲ့ သဘောတူညီမှု ရယူနိုင်မလား ဒါမှမဟုတ် စစ်ရေးအရ အရေးယူမလား နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတာကို ကမ္ဘာကြီးအနေနဲ့ ၁၀ ရက်လောက်အတွင်း မြင်တွေ့ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။
ဝါရှင်တန် ဒီစီမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ ပထမဆုံး အစည်းအဝေးမှာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်တဲ့ ညှိနှိုင်းမှုတွေနဲ့ ပတ်သက်လို့ ပြောကြားပြီး မိမိတို့ အနေနဲ့ အဓိပ္ပါယ် ပြည်ဝတဲ့သဘောတူညီမှု တစ်ရပ် မရယူရင် ဆိုးရွားတဲ့ ကိစ္စတွေ ဖြစ်လာမယ်လို့ ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ စစ်အင်အား သိသိသာသာ တိုးမြှင့်ချထားပေမယ့် ဆွစ်ဇာလန်နိုင်ငံမှာ အမေရိကန်နဲ့ အီရန်ကြား ညှိနှိုင်းမှုတွေ အခြေအနေ တိုးတက်မှုရှိကြောင်း ကြားသိထားရပါတယ်။
ဒီမိုကရက် လွှတ်တော်အမတ်တွေနဲ့ ရီပက်ဘလေကန် အမတ် တချို့က လွှတ်တော်ခွင့်ပြုချက် မယူဘဲ အီရန်မှာ စစ်ရေးအရ အရေးယူမှုကို ကန့်ကွက်ထားပါတယ်။
အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၊ ထရန့်ရဲ့ သမက်ဖြစ်သူ ကူရှ်နာတို့နဲ့ အီရန်တွေ့ဆုံမှု အခြေအနေ အရမ်ကောင်းတယ်လို့ ထရန့်က ပြောပါတယ်။
အီရန်နဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ သဘောတူညီမှု ရယူဖို့ မလွယ်ကူဘူးဆိုတာ နှစ်များစွာကြာ သက်သေတည်လာခဲ့ပြီး ဖြစ်ကြောင်းနဲ့ သဘောတူညီမှု မရယူနိုင်ဘူးဆိုရင် ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာမယ်လို့ ထရန့်က ပြောပါတယ်။
အီရန်အနေနဲ့ အမေရိကန်နဲ့ သဘောတူညီမှု ရယူတာက ညဏ်ကောင်းရာကျလိမ့်မယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ကယ်ရိုလင်းက စောစောပိုင်း တစ်ရက်က သတိပေးခဲ့ ပါတယ်။
တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ထရန့်က သံတမန်ရေးအရ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ ဖွဲ့စည်းကြောင်း ပထမဆုံး ကြေညာချိန်မှာ ထရန့်က အစ္စရေးနဲ့ ဟားမာ့စ် အဖွဲ့ကြား နှစ်နှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး ကူညီပြီး ဂါဇာ ကမ်းမြောင်ဒေသ ပြန်လည် တည်ဆောက်ရေးအတွက် ဖြစ်မယ်လို့ အားလုံးက ထင်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လအတွင်း အဲဒီ ဘုတ်အဖွဲ့ရဲ့ မစ်ရှင်ဟာ ပဋိပက္ခ တစ်ခုထက် ကျော်လွန် လုပ်ဆောင်လာပုံရပြီး နိုင်ငံပေါင်း နှစ်ဒါဇင်လောက် ပါဝင်တဲ့ ထရန့်ဦးဆောင်တဲ့ ဘုတ်အဖွဲ့ဟာ ကုလသမဂ္ဂကို ဘေးထုတ်ထားဖို့ ရည်ရွယ်ထားသလားဆိုတာ အများက သိချင်လာကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လက အီရန် နျူကလီးယား စက်ရုံသုံးခုကို အမေရိကန်က ဒုံးကျည်တွေ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
နောက်ထပ် တိုက်ခိုက်မယ့်နည်းလမ်းတွေကို အိမ်ဖြူတော်မှာ အခုသီတင်းပတ်အတွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ယူအက်စ်အက်စ် အေဘရာ ဟင်လင်ကွန်း လေယာဉ်တင် သင်္ဘော ချထားမှု အပါအဝင် အမေရိကန်က မကြာသေးခင်က အရှေ့အလယ်ပိုင်းမှာ စစ်အင်အားတိုးမြှင့်ထားပြီး နောက်ထပ် လေယာဉ်တင် သင်္ဘော တစ်စီးကိုလည်း စေလွှတ်ထားပါတယ်။
ဒါပေမဲ့ အီရန်ကို တိုက်ခိုက်ဖို့အတွက် ဗြိတိန်အစိုးရက သူတို့ရဲ့ စစ်အခြေစိုက် စခန်းတွေကို အမေရိကန်အား အသုံးပြုခွင့် မပေးဘူးလို့ သိရပါတယ်။
အရင်က အရှေ့အလယ်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ အမေရိကန်ဟာ အိန္ဒိယ သမုဒ္ဒရာထဲရှိ ဗြိတိန်ရဲ့ ရေခြား နယ်နိမိတ်ကို အသုံးပြုခဲ့ပါတယ်။
အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက အမေရိကန် လေယာဉ်တင်သင်္ဘောဟာ အန္တရာယ် များပေမယ့် အဲဒီ လေယာဉ်တင် သင်္ဘောကို ဒုံးကျည်တွေနဲ့ ပင်လယ်ကြမ်းပြင် ရောက်အောင် လုပ်ပစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။
Ref:BBC

