ဖီချစ်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်းနေထိုင်သူ ၂၅ ဦးကို ထိုင်းနိုင်ငံသား ၃ ဦးနဲ့ အတူ ဖမ်းဆီးထားကြောင်း ထိုင်းဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ပြောပါတယ်။
ဝါချီရာ ဘန်ရာမီဒေသ အဝေးပြေးလမ်းမ ၁၁၇ မှာ (CIB) ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ ပူးတွဲ စစ်ဆင်ရေးအတွင်း လူ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
(CIB) ကော်မရှင်နာမင်းကြီး လက်ထောက်ရဲမှူးချုပ် နတ်သာဆတ်နဲ့ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့နဲ့ ရာဇဝတ်မှု နှိမ်နှင်းရေး တပ်ဖွဲ့ အရာရှိတွေရဲ့ ညွှန်ကြားချက်အရ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတယ်လို့ သံသယရှိတဲ့ ဆီဒန်ကား တစ်စီး၊ ဗန်ကား တစ်စီးနဲ့ ပစ်ကပ်ကား တစ်စီးတို့ကို တားဆီး ရှာဖွေခဲ့တာပါ။
ဗန်ကားထဲမှာ ရွှေ့ပြောင်းနေထိုင်သူ ၁၇ ဦး၊ ပစ်ကပ်ကားထဲက ၉ ဦး ရှာတွေ့ခဲ့ပြီး အားလုံးဟာ တရားဝင် စာရွက်စာတမ်းနဲ့ နိုင်ငံကူးလက်မှတ် မရှိသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆီဒန်ကားကတော့ လမ်းပြအနေနဲ့ ရှေ့ဆုံးက မောင်းနှင်လာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံသား ယာဉ်မောင်းတွေ ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ဆိုင်ဆမ်၊ ၃၀ နှစ် အရွယ် ချိုင်နောင်နဲ့ ၃၄ နှစ်အရွယ် ဆက်ကွေးတို့ကို တရားမဝင်ဝင်ရောက်ရေး ကူညီပေးမှုနဲ့ ဖမ်းဆီးထားပါတယ်။
စုံစမ်း စစ်ဆေးမှုအရ အဲဒီ သံသယရှိသူ သုံးဦးဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို အကြိမ်ပေါင်းများစွာ မှောင်ခိုသွင်းပေးဖူးပြီး ခရီးစဉ် တစ်ခုအတွက် ဘတ် ၅၀၀၀ စီ ရရှိတယ်လို့ သိရပါတယ်။
ဘန်ကောက်နဲ့ အနီးအနား ပြည်နယ်တွေမှာ အလုပ်ရဖို့ တစ်ယောက်ကို ဘတ် ၈၅၀၀ စီ ပေးပြီး ချင်းရိုင်က တစ်ဆင့် တောလမ်းကနေ ဝင်ရောက်လာတာခဲ့တာ ဖြစ်ကြောင်း ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေက စကားပြန်ကတဆင့် ပြောပါတယ်။
ဒါဟာ အုပ်စုတစ်စုတည်းက လုပ်ဆောင်ခဲ့တဲ့ ပဉ္စမမြောက် စစ်ဆင်ရေး ဖြစ်တယ်လို့ ထိုင်းအရာရှိတွေက အတည်ပြုထားပါတယ်။
သံသယရှိသူတွေနဲ့ သိမ်းဆည်းထားတဲ့ ယာဉ်တွေကို ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ရေး ဝါချီရာ ဘန်ရာမီ ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။
လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရေး အခုလို စစ်ဆင်ရေးတွေ ပုံမှန် ပြုလုပ်နေတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။
တရားဝင် အချက်အလက်တွေအရ မြန်မာနိုင်ငံသား ၂ ဒသမ ၃ သန်းကျော်ဟာ ထိုင်းမှာ အလုပ်လုပ်ဖို့ တရားဝင် မှတ်ပုံတင်ထားကြပါတယ်။
ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဆီက ရွှေ့ပြောင်း လုပ်သားအင်အားရဲ့ ၇၅ ရာခိုင်နှုန်းဟာ မြန်မာတွေ ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းက ရွှေ့ပြောင်းနေထိုင်သူတွေက ထိုင်းနိုင်ငံ ပြည်တွင်း ထုတ်ကုန် ၄ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း အထိ ထုတ်လုပ်ပေးနေတယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသားတွေကတော့ ပုံမှန်ဆိုသလို ဖမ်းဆီးခံနေရပါတယ်။
ထိုင်းကတဆင့် မလေးရှားသို့ တရားမဝင် သွားရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသားတွေလည်း မကြာခဏ ဆိုသလို ဖမ်းဆီးခံနေရပါတယ်။
Ref:Bangkokpost

