မြဝတီ၊ ဖေဖော်ဝါရီ ၁၉

စစ်ကော်မရှင်က ကရင်ပြည်နယ် မြဝတီမြို့နဲ့ ရွှေကုက္ကိုနယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ကျားဖြန့်လုပ်ငန်းတွေ ပျောက်မသွားတဲ့အပြင် လုပ်ငန်းခွင်နေရာသစ်တွေ ထပ်မံထွက်ပေါ်လာနေတယ်လို့ မြဝတီနယ်ခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်းနယ်စပ်အနီး မယ်ထော်သလေးကျေးရွာအနီးက နယ်ခြားစောင့်တပ် BGF လုံခြုံရေးယူထားတဲ့ KK Park လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို စစ်ကော်မရှင်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဖြိုချဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကော်မရှင်တပ်က ကျားဖြန့်လုပ်ငန်းခွင်တွေကို ဝင်ရောက်ရှာဖွေစစ်ဆေးဖမ်းဆီးမှုအတွင်း တရားမဝင် နိုင်ငံခြားသားတွေအများအပြားကို ဖော်ထုတ်ဖမ်းဆီးရမိတာတွေ ရှိခဲ့ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အသုံးပြုခဲ့တဲ့ ကွန်ပျူတာ၊ မိုလ်ဘိုင်းဖုန်း၊ စတားလင့်စက် အစရှိတဲ့ ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရရှိကာ ဖျက်ဆီးပစ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျားဖြန့်လုပ်ငန်းအသစ်တွေဟာ မြဝတီမြို့အနီးက နေရာတချို့အပါအဝင် နေရာဒေသအချို့မှာ အဆောက်အဦးသစ်တွေ ပြန်လည်ထွက်ပေါ်လာနေတယ်လို့ မြဝတီဒေသခံက ဆိုကြပါတယ်။

မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာအတွင်းမှာ ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ် ၄ ဗိုလ်မှူးချုပ်စောမုတ်သုန်ဦးဆောင်တဲ့ အဖွဲ့က ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အဦးသစ်တွေ တည် ဆောက်ပြီး လုပ်ငန်းခွင်တွေ လည်ပတ်နေတာပါ။

ဒါ့အပြင် မြဝတီမြို့ မြောက်ဘက် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အသွင်ပြောင်း အမှတ်(၂)စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း ထိန်းချုပ်တဲ့ သေ့ကတေမှာ ကျားဖြန့်လုပ်ငန်းသစ်တွေ လုပ်ဆောင်နေတယ်လို့ မြဝတီဒေသခံတွေက ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြဝတီမြို့ပေါ်နဲ့ ရွှေကုက္ကိုနယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းခွင်နေရာတွေကို ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ဝင်ရောက်စီးနင်းရှာဖွေတာတွေ မတွေ့ရတော့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.