မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ်အတွင်းရှိ ကုန်စိမ်းစိုက်ပျိုးသူတွေဟာ လက်ရှိ ရာသီ အကူးအပြောင်းကြောင့် စိုက်ခင်းတွေ ပိုးကျတဲ့အပြင် ဈေးကောင်း မရတာကြောင့် အရှုံးပေါ် နေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကုန်စိမ်း စိုက်ပျိုးသူတွေဟာ ဒီနှစ်မှာတော့ ရာသီဥတု အခြေအနေကြောင့် ကုန်စိမ်းတွေကို နောက် ကျမှ စိုက်ပျိုးခဲ့ရသလို စိုက်ပျိုးစဉ်က ကုန်စိမ်းမျိုးတွေ၊ သွင်းအားစုတွေအပြင် အလုပ်သမား ငှားခတွေကအစ ကုန်ကျခဲ့ရတာပါ။

လက်ရှိမှာတော့ ကုန်စိမ်းစိုက်ပျိုးသူတွေဟာ ရာသီဥတု အပြောင်းအလဲကြောင့် ပိုးကျတဲ့အတွက် စိုက်ခင်းတွေ ပျက်စီးပြီး ကုန်စိမ်းတွေ ရောင်းတန်း မဝင်ဖြစ်ကာ ဈေးကျတဲ့အတွက် အရှုံးနဲ့ရင်ဆိုင်နေရတာပါ။

ကုန်စိမ်းစိုက်တောင်သူတစ်ဦးကတော့ အသီးအနှံတွေ ရောင်းတန်းမဝင် ဖြစ်ကာ ဈေးမရတာကြောင့် အရှုံးပေါ်ပြီး နလံမထူနိုင် ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့မှာ လက်ရှိ ခရမ်းချဉ်တော့ မဟုတ်ဘူး။ ခရမ်းချိုတွေ စိုက်ထားတယ်။အသီးပွင့်လာတဲ့ အခါကျရင် ပိုးတွေ ထိုးတာတွေ ပိုးမွှားတွေ ကျတယ်။ ရောင်းတန်း မဝင်ဘူးပေါ့။ ဆုံးရှုံးတာပေါ့။ နေ့စားက တစ်နေ့ကို ကျပ် ၂၅၀၀၀ ပေးရတယ်။ ဝဲတွေကလည်း တစ်အိတ်ကို သိန်းကျော် ပေးရတယ်၊ အရှုံးပေါ်တာပေါ့။ နလံမထူနိုင်ဘူးပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်စိမ်းတွေဟာ ပုပ်ကုန်တွေ ဖြစ်တဲ့အတွက် သတ်မှတ် ကာလအတွင်း မဖြစ်မနေ ခူးရသလို ရတဲ့ ဈေးနဲ့ ရောင်းနေရတဲ့အတွက်လည်း တောင်သူတွေအနေနဲ့ နောက်ထပ် ပြန်စိုက်ဖို့တောင် အဆင်ပြေမှု မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ကုန်စိမ်းတွေကို သယ်ယူ ပို့ဆောင်တဲ့ နေရာမှာ ကုန်ကျစရိတ် ကြီးမြင့်တာ၊ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ် တွေကြောင့်လည်း အချိန်မီ မရောက်ရှိတဲ့ အတွက် ပုပ်သိုး ပျက်စီးတာတွေအပြင် ဈေး ကောင်းမရတဲ့ ပြသနာတွေနဲ့ပါ ရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ်မှာတော့ ကုန်စိမ်းသီးနှံတွေ ဖြစ်တဲ့ ခရမ်းသီး၊ ရုံးပတီသီး၊ ပဲတောင့်အပြင် တခြား ဟင်းသီးဟင်းရွက်တွေကို တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြပြီး တခြား လိုအပ်တဲ့ သီးနှံတွေကိုတော့ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်း အပါအဝင် တခြားဒေသတွေက မှာယူတင်သွင်း ရောင်းချ နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.