ပုလော၊ ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ ဇရပ်ဆိပ်ကျေးရွာမှာ တောထဲသွားတဲ့ လင်မယားနှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇရပ်ဆိပ်ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဦးဝင်းနိုင်နဲ့ အသက် ၄၉ နှစ်အရွယ် ဒေါ်ချိုတင်တို့ လင်မယားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်ပိုင်းက တောထဲသွားချိန် မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ သူတို့လင်မယားနှစ်ဦးဟာ ဇရပ်ဆိပ်ကျေးရွာအနီးက တောထဲမှာ ဓနိဖက်ခုတ်ဖို့ သွားစဉ် မြေမြှုပ်မိုင်း နင်းမိခဲ့တာ ဖြစ်ပါတယ်။
မြေမြုပ်မိုင်းနင်းမိတာကြောင့် လင်မယားနှစ်ဦးလုံး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် အဲဒီနေ့ညပိုင်းမှာပဲ လင်မယားနှစ်ဦးလုံး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇရပ်ဆိပ်ကျေးရွာဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့အတူ လက်နက်ကြီး ပစ်ခတ်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံ အများအပြားဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေမှာ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ပလမြို့ မင်းပြင်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

