ထားဝယ်၊ ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ကျေးရွာအနီးက GTC တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဒူရကစစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်တပ်စခန်း နှစ်ခုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်းနဲ့ DGRF(ထားဝယ်-ပကဖ)ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အချိန် ၄ နာရီကြာမြင့်ခဲ့တဲ့ အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ GTC တပ်စခန်းကို ယာယီသိမ်းဆည်းနိုင်ခဲ့ပြီး ဘုရားမဲစစ်ဆေးရေးဂိတ်ကလည်း ရလုဆဲအချိန်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကူစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မှတ်တမ်းဓာတ်ပုံနဲ့တကွ အတည်ပြုထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း စစ်ကူတက်လာတဲ့ စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရတာကြောင့် ထားဝယ်မြို့ လုံခြုံရေးကို ဦးဆောင်နေတဲ့ ဗိုလ်မှူးအေးလွင်အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းကနေ နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲသွားပြီး စစ်ကူစစ်ကြောင်းတွေ အဆက်မပြတ် ပေးပို့ခဲ့တယ်လို့ ဒူရကစစ်ကြောင်း တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် အဲဒီစစ်စခန်းနှစ်ခုမှာ စစ်ကော်မရှင်ဘက်က တင်အင်အား ရာနဲ့ချီ ထပ်မံဖြည့်တင်းထားပြီး လေကြောင်းဗုံးကြဲမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒူရကစစ်ကြောင်းကတော့ စစ်ကော်မရှင်ဘက်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာကျင့်ကြံကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.