ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈

ထိုင်းတပ်ဖွဲ့တွေက မိမိတို့နယ်မြေတွေကို သိမ်းပိုက်ထားတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က ရိုက်တာသတင်းဌာနကို ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူထားခဲ့ပေမယ့် ထိုင်းစစ်တပ်က အခုလို ကမ္ဘောဒီးယား နယ်မြေတွေကို ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ ဟွန်မာနက်က ဆိုတာပါ။

၂၀၂၃ ခုနှစ်အတွင်း ဖခင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဆီက ရာထူး လွှဲယူခဲ့တဲ့ ဟွန်မာနက်က ကမ္ဘောဒီးယားနဲ့ ဝါရှင်တန်ကြား နွေးထွေးတဲ့ ဆက်ဆံရေးကို ကြိုဆိုပြီး နိုင်ငံတွင်းရှိ အွန်လိုင်း လူလိမ်လုပ်ငန်းတွေကို နှိမ်နှင်းနေတယ်လို့ ပြောပါတယ်။

အခု သီတင်းပတ် ကျင်းပတဲ့ ထရန့်ရဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ အစည်းအဝေး တက်ရောက်ရေး အမေရိကန်သို့ ဟွန်မာနက် သွားရောက်ခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တင်းမာမှု အရှိန်လျှော့ချရေး အဖွဲ့သစ် တစ်ဖွဲ့နဲ့ ဆောင်ရွက်သင့်တယ်လို့ သူက အဆိုပြုခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဟာ ဂါဇာကမ်းမြောက် ဒေသအတွက် ရည်ရွယ်တာ ဖြစ်ပေမယ့် ပိုကျယ်ပြန့်တဲ့ ကိစ္စတွေအတွက်လည်း ပါဝင် ဖြေရှင်းနိုင်တယ်လို့ ထရန့်က ပြောထားပါတယ်။

ထိုင်းက တင်းမာမှု လျှော့ချရေး တပ်ဖွဲ့ဝင်တွေရဲ့ တည်နေရာကို ထိန်းသိမ်းထားတာသာ ဖြစ်ပြီး နယ်မြေတွေ သိမ်းပိုက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချထားပါတယ်။

မိမိတို့ အနေနဲ့ စစ်အင်အား ဖြည့်တင်းမှု မရှိသလို ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်တွေကို လိုက်နာနေတယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ရေတပ် ဗိုလ်ချုပ် ဆူရာဆန့် ခွန်ဆီရီက ပြောပါတယ်။

ကမ္ဘောဒီယား ခေါင်းဆောင်ရဲ့ ပြောဆိုမှုတွေအရ နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ဖော်ပြနေပါတယ်။

ဆစ်စုနှစ် တစ်စုကျော်အတွင်း အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လက တိုက်ပွဲတွေကြောင့် အရပ်သား ပြည်သူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ကမ္ဘောဒီးယား နယ်မြေအဖြစ် ထိုင်းက အသိအမှတ်ပြုထားတာ ကြာပြီ ဖြစ်တဲ့ နယ်မြေတွေအတွင်း ထိုင်းက ကွန်တိန်နာတွေနဲ့ သံဆူးကြိုးတွေ ချထားကြောင်း ဟွန်မာနက်က ပြောပါတယ်။

ဒါက စွပ်စွဲတာ မဟုတ်ပါဘူး မြေပြင်က အမှန်တရား ဖြစ်ပါတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ မိမိတို့ အချုပ်အခြာအာဏာ ဒါမှမဟုတ် နယ်နိမိတ် ဂုဏ်သိက္ခာချိုးဖောက်မှုတွေကို သည်းခံနေမှာ မဟုတ်ဘူးလို့ ဟွန်မာနက်က ပြောပါတယ်။

ဒါကြောင့် နှစ်နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေ တစ်ခါပြန် မြင့်တက်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.