ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၇
မီးမြင်းနှစ်သို့ ကူးပြောင်းမယ့် တရုတ်နှစ်သစ်ကို အာရှတိုက်နဲ့ ကမ္ဘာတဝှမ်းမှာ ကြိုဆိုနေကြပြီး မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေ၊ ဆုတောင်းသူတွေနဲ့ အစားအသောက်တွေ တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပနေကြပါတယ်။
လပြက္ခဒိန်ကိုအခြေခံထားတဲ့ နှစ်သစ်ဟာ နှစ်စဉ် ဇန်နဝါရီ ၂၁ ရက်နဲ့ ဖေဖော်ဝါရီ ၂၀ ကြား ကျင်းပတဲ့ ၁၅ ရက်ကြာ ပွဲတော် ဖြစ်ပါတယ်။
တရုတ်နဲ့ တခြားနေရာဒေသတွေရှိ တရုတ်လူမျိုးတွေက ဒီပွဲတော်ကို နှစ်တစ်နှစ်ရဲ့ အရေးအပါဆုံး ပွဲတော်လို့ မှတ်ယူထားကြပါတယ်။
ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ အာရှရဲ့ တခြား ဒေသတွေမှာလည်း ကြီးကြီးမားမား ကျင်းပလေ့ ရှိပါတယ်။
နှစ်သစ်ရဲ့ ပထမဆုံး နှစ်ရက်မှာ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ စုဝေးပြီး စားပွဲသောက်ပွဲကြီး ဆင်နွှဲကြသလို ငွေသားဖြည့်ထားတဲ့ အနီရောင် အန်ပေါင်း စက္ကူအိတ်ကလေးတွေ ပေးတာအပြင် လက်ဆောင်ပစ္စည်းတွေလည်း ပေးတတ်ကြပါတယ်။
တရုတ် နှစ်သစ်ကူးပွဲတော်ကို အရှေ့နဲ့ အရှေ့တောင် အာရှတဝှမ်းရှိ နိုင်ငံတွေမှာ အဓိက ကျင်းပကြပါတယ်။
ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်မှာ အငြင်းပွားမှုတွေ၊ တင်းမာမှုတွေ ရှိနေပေမယ့် ဒီနှစ် မနီလာမြို့ရှိ တရုတ်တန်းမှာတော့ နှစ်နိုင်ငံကြား ကာလကြာရှည်ရှိခဲ့တဲ့ ရင်းနီးတဲ့ ဆက်ဆံရေးကို မြင်တွေ့နေရပါတယ်။
ဘီနွန်ဒိုလို့ ခေါ်တဲ့ မနီလာ တရုတ်တန်းဟာ ၁၅၀၀ ပြည့်နှစ်တွေကတည်းက ရှိခဲ့တာ ဖြစ်ပြီး ဖိလစ်ပိုင်ကို စပိန်က ကိုလိုနီပြုထားချိန်ကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်က ဒေသခံ မိသားစုတွေနဲ့ လက်ထပ် ပေါင်းသင်းခဲ့ကြတဲ့ တရုတ်လူမျိုးတွေဟာ အဲဒီ ဒေသမှာပဲ အခြေချနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ် နှစ်သစ်ကူးကာလမှာ အသက်ကြီးသူတွေက အသက်ငယ်သူတွေကို ဒါမှမဟုတ် လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို အန်ပေါင်းလို့ ခေါ်တဲ့ အနီရောင် စာအိတ်ငယ်ထဲ ငွေသားထည့် ပေးဝေလေ့ရှိပါတယ်။
တောင်ကိုရီးယားမှာတော့ အနီရောင် စာအိတ်တွေအစား ဘိုဂျူမီယိုနီလို့ ခေါ်တဲ့ အိတ်တွေနဲ့ ငွေစက္ကူ အသစ်တွေ ထည့်ပြီး ပေးဝေလေ့ရှိပါတယ်။
ဒါပေမဲ့ နောက်ပိုင်း တချို့နေရာတွေက ဒီဂျစ်ငွေသားတွေ ပေးဝေတဲ့ အလေ့အထတွေလည်း တွေ့လာရပါတယ်။
ဂျပန်မှာ နှစ်သစ်ကူးနေ့ကို ဇန်နဝါရီ ၁ ရက်မှာ ကျင်းပခဲ့ပြီး အစဉ်အလာ ဆင်တူပေမယ့် သူတို့ရဲ့ စာအိတ်တွေက အနီရောင်မဟုတ်ဘဲ အလှဆင်ထားတဲ့ အဖြူရောင် စာအိတ်တွေနဲ့ ပေးတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ သြစတြေးလျတို့မှာလည်း တရုတ်နှစ်သစ်ကူး ပွဲတော် ဆင်နွှဲကြပြီး တရုတ် နဂါး အကကို ကလေးငယ်တွေ သဘောကျတတ်ပါတယ်။
မီးမြင်းနှစ်ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရရင် မြင်းဆိုတာက ရှင်သန်ရေးနဲ့ ယုံကြည်မှုကို ကိုယ်စားပြုတယ်လို့ တရုတ် လူမျိုးတွေက ယုံကြည်ထားကြပါတယ်။
အဲဒီ လက္ခဏာကို မီးနဲ့သက်ဆိုင်တဲ့ အရာတွေက ထပ်ပြီး လောင်စာဖြည့်ထားတဲ့ သဘော ဖြစ်တယ်လို့ တရုတ် ပညာရှင်တွေက ဆိုပါတယ်။
ဒါပေမဲ့ ဂျပန်မှာတော့ မီးမြင်းနှစ်မှာ မွေးဖွားတဲ့ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မိသားစု အတွက် မကောင်းတဲ့ ကံတွေ သယ်ဆောင်လာနိုင်တယ်လို့ အယူရှိကြပါတယ်။
Ref:BBC

