ထားဝယ်၊ ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းအတွက် လူငယ်တွေ ဆက်တိုက်ပေါ်တာဆွဲခံနေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစလို့ ထားဝယ်မြို့ပေါ် ရပ်ကွက်တွေမှာ ဧည့်စာရင်း အကြောင်းပြချက်နဲ့ လူငယ်တွေကို နေအိမ်တွေအထိ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း ထားဝယ်မြို့ ဆန်ချီရပ်ကွက်က လူငယ် ၁၀ ဦး၊ မြောင်းပုလဲရပ်ကွက်က လူငယ် ၅ ဦး၊ အိမ်ရှေ့ပြင်ရပ်ကွက်က လူငယ် ၇ ဦးနဲ့ အဝေးပြေးကားဝင်းက လူငယ် ၁၀ ဦး၊ စုစုပေါင်း လူငယ် ၃၂ ဦးကို ဖမ်းဆီးသွားတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဟာ အရင်က လူငယ်တွေကို ညပိုင်းမှာသာ ပေါ်တာဆွဲဖမ်းဆီးခဲ့ပေမယ့် အခုအခါမှာတော့ နေ့ခင်းဘက်တောင် လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ ထားဝယ်မြို့အခြေစိုက် အမှတ် ၄၀၁ ခြေမြန်တပ်ရင်းထံ ခေါ်ဆောင်သွားပြီး မိသားစုတွေနဲ့တွေ့ခွင့်မပေးသလို ငွေနဲ့လည်းပြန်ရွေးယူလို့မရဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့် စစ်မှုထမ်း အပတ်စဉ် ၂၂ သင်တန်းအတွက် ထားဝယ်မြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး မြို့ဝင်ဂိတ်တွေမှာလည်း ခရီးသွား လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

