ဘုတ်ပြင်း၊ ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူအခြေစိုက် စစ်တပ်စခန်းအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ ရွာဟေ့လူကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ရွာဟေ့လူအခြေစိုက်စခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက ရွာဟေ့လူအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က PDF ရဲဘော် တစ်ဦး ကျဆုံးပြီး စစ်ကော်မရှင်ဘက်က တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ရွာဟေ့လူကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၂ နဲ့ ဗိုလ်ချုပ်မြအထူးတပ်ရင်း ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

