နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၅
ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမယ့် အချိန်မှာ အဆင်သင့်ဖြစ်နေစေရေး နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ အဆက်မပြတ် ထိတွေ့နေဖို့ လိုမယ်လို့ စစ်ကော်မရှင်ခန့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်က ဥက္ကဋ္ဌတွေ၊ ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြရာမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုလာတာပါ။
အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမယ့် ကိုယ်စားလှယ်နေရာတွေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ အဲဒီအချိန်မှာ အဆင်သင့်ဖြစ်နေစေဖို့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ အဆက်မပြတ် ထိတွေ့နေဖို့ လိုအပ်မယ်လို့ ပြောကြားခဲ့တာပါ။
ကိုယ်စားလှယ်ရွေးချယ်မခံရတဲ့ ပါတီတွေအနေနဲ့လည်း လွှတ်တော်ပြင်ပ အမျိုးသားနိုင်ငံရေးကို ဆက်လုပ်သွားရမှာဖြစ်ပြီး ပြည်သူလူထုနဲ့ မဲဆန္ဒရှင်တွေရဲ့ အကျိုးကို လုပ်ဆောင်ပေးတဲ့အနေနဲ့ လူထုထောက်ခံမှုရအောင် ဆောင်ရွက်ကြရမယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ဆိုပါတယ်။
စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အပိုင်းတစ်ခုချင်းစီကို နှစ်ပတ်စီခြားကာ နိုင်ငံတဝန်းရှိ ၂၆၃ မြို့နယ်မှာသာ ပြုလုပ်နိုင်ခဲ့ပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေအဖြစ် ၆၇ မြို့နယ်အထိ ရှိခဲ့တာပါ။
လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ နှုတ်ထွက်တာ၊ ကွယ်လွန်တာ၊ တာဝန်ကနေ ရပ်စဲခံရတာနဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့အခါတွေမှာ ကိုယ်စားလှယ်နေရာ လစ်လပ်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေအရ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သက်တမ်းတစ်ခုအတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးရမှာပါ။
ဒီအတွက် အနည်းဆုံး လွှတ်တော်သက်တမ်း ကုန်ဆုံးဖို့ တစ်နှစ်ထက်ပိုပြီး ကျန်ရှိနေသေးတဲ့ အချိန်မှာသာ ကျင်းပရမှာဖြစ်သလို အရင်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအချိန်ကာလနဲ့ ပြန်ကြည့်ရင် ၂၀၂၈ ခုနှစ်လောက်မှာသာ ပြုလုပ်နိုင်မယ့် အခြေအနေပါ။
တစ်ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်အဖြစ် ရက်ပေါင်း ၉၀ သက်တမ်းထပ်တိုးကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ စစ်ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းတိုးထားတဲ့ ကာလဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ပြီး စစ်တပ်က ကျောထောက်နောက်ခံပြုပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးပါတီက ဖွဲ့စည်းမယ့် အစိုးရသစ် ပေါ်လာမယ့် အချိန်ထိ အသက်ဝင်မှာပါ။
ကော်မရှင်ဥက္ကဋ္ဌကတော့ အထွေထွေရွေးကောက်ပွဲမှာ ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် MMP ကျင့်သုံးခဲ့မှုဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ပါတီအရေအတွက် မြင့်မားလာတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီ အများအပြားရှိခဲ့ပြီး ၂၂ ပါတီက ကိုယ်စားလှယ်လောင်းတွေသာ အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်ရွေးကောက်ပွဲမှာတော့ ၃၁ ပါတီက ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိခဲ့တာကို နှိုင်းယှဉ်ခဲ့တာပါ။
၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၃၂ ပါတီနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၉၁ ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အကြောင်းပြထားတဲ့ မဲမသမာမှုရှိခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုတော့ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မဲရလဒ်ကြေညာချက်အရ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သုံးရပ်စလုံးမှာ ပထမနေရာ အနိုင်ရရှိခဲ့ပြီး စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒုတိယနေရာ ရရှိထားတာပါ။
ကျန်တဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တွေကတော့ မဲများသူအကုန်အနိုင်ယူ FPTP စနစ်နဲ့ အချိုးကျကိုယ်စားပြု PR စနစ်တို့ကို ပေါင်းစပ်ခဲ့မှုကြောင့် ကိုယ်စားလှယ်နေရာ အသင့်တင့် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအပေါ် အရင်ရွေးကောက်ပွဲတွေထက် တိုင်းရင်းသားပါတီတွေ ပါတီငယ်တွေ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာတယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပေမယ့် ကြံ့ခိုင်ရေးပါတီနဲ့ တပ်ကိုယ်စားလှယ်တွေသာ ဗဟိုအာဏာကို ချုပ်ကိုင်မယ့် အနေအထားလို့ လေ့လာသူတွေက ဝေဖန်ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

