ဘာလီ ဖေဖော်ဝါရီ ၁၁
အင်ဒိုနီးရှားနိုင်ငံမှာ ဆင်စီးခရီးသွားလုပ်ငန်းကို တရားဝင် တားမြစ်လိုက်ပြီး ဆယ်စုနှစ်များကြာ လူသိများခဲ့တဲ့ ခရီးသွားလုပ်ငန်းတစ်ခုကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။
ဒီသမိုင်းဝင်ဆုံးဖြတ်ချက်ဟာ ဘာလီကျွန်းမှာရှိတဲ့ နာမည်ကြီး ဆင်ပန်းခြံတွေကို တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ PETA Asia က စုံစမ်းဖော်ထုတ်မှု ပြုလုပ်ပြီး သုံးလအကြာမှာထုတ်ပြန်ခဲ့တာပါ။ စုံစမ်းချက်ထဲမှာတော့ တိရစ္ဆာန်တွေအပေါ် အနိုင်ကျင့်မှုတွေရှိကြောင်း ပြောကြားထားပေမယ့် ပန်းခြံဘက်ကတော့ အဲဒီ စွပ်စွဲချက်များကို “မမှန်ကန်ဘဲ အဓိပ္ပါယ်မရှိ” ဆိုပြီး ငြင်းဆိုခဲ့ပါတယ်။
Ubud မြို့ရှိ Mason Elephant Park နဲ့ Klungkung Regency ရှိ Baka’s Adventure Elephant Safari တို့နဲ့ပတ်သက်လို့ PETA ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ရမှာတော့ အဲဒီ ပန်းခြံတွေမှာ ရှေးဟောင်းနည်းလမ်းတွေနဲ့ ဆင်တွေကို ပြစ်ဒဏ်ပေးခြင်းနဲ့ မသင့်လျော်တဲ့ ပြုမူဆက်ဆံမှုတွေ ပြုလုပ်နေကြောင်း စွပ်စွဲထားပါတယ်။
“ဒီလိုခရီးသွားဆွဲဆောင်ရာနေရာတွေဟာ သူတို့ကိုယ်သူတို့ ‘ကယ်ဆယ်ရေးစခန်း’ လို့ ကြော်ငြာကြပေမယ့် ရုပ်သံမှတ်တမ်းတွေမှာတော့ တခြားပုံရိပ်တစ်ခု ပြသနေပါတယ်။ စိတ်ဖိစီးမှု ရရှိနေတဲ့ ဆင်တွေ၊ အကြိမ်ကြိမ် ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာရရှိနေတဲ့ ဆင်တွေ၊ နေ့အချိန်အများစုမှာ ချည်နှောင်ထားခံရတဲ့ ဆင်တွေကို တွေ့မြင်ရပါတယ်” လို့ PETA က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အဲဒီ အဆောက်အအုံတွေမှာ ဆင်ထိန်းချွန်းတွေ အသုံးပြုခြင်း၊ ဆင်တွေကို ချည်နှောင်ထားခြင်း၊ ဖျော်ဖြေရေးအတွက် စည်းကမ်း ချိုးဖောက်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခြင်းနဲ့ ဆင်တွေကို သီးခြားထားရှိခြင်းများ ပြုလုပ်နေကြောင်းလည်း စွပ်စွဲထားပါတယ်။
Ref:news.com.au

