မုန်း၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ မုန်းမြို့နယ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မုန်းမြို့နယ် သစ်ဖြူဆိပ်ကျေးရွာထဲကို ဒရုန်းနဲ့ဗုံးကြဲသွားတာကြောင့် အသက် ၄၈ နှစ်အရွယ် ဦးဇော်ကြီး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်ရဲ့ ပျဉ်ရေကျေးရွာကို စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံး လေးလုံး လာရောက်ကြဲချသွားတာကြောင့် အသက် ၂၂ နှစ်အရွယ် မင်းကိုနိုင် ထိမှန်သေဆုံးပြီး အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ အဲဒီနေ့မှာပဲ စစ်ကော်မရှင်တပ်ဟာ ကျောက်ကြီးမြို့နယ် အင်ပုရစ်ကျေးရွာကို စက်တပ်လေထီးနဲ့ လာရောက်ဗုံးကြဲသွားတာကြောင့် ပြည်သူပိုင် နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်ဟာ KNU အုပ်ချုပ်နေတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူတွေ ထိမှန်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.