လွယ်တိုင်းလျှံ၊ ဖေဖော်ဝါရီ ၁၁
အရပ်သားတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆိုးဆိုးရွားရွား ပြုလုပ်နေပေမယ့် ကမ္ဘာ့ ခေါင်းဆောင်တွေက လျစ်လျူရှုထားတယ်လို့ မြန်မာနိုင်ငံရဲ့ သြဇာကြီးမားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက တစ်ဖွဲ့ရဲ့ ခေါင်းဆောင်က ပြောလိုက်ပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့ အာဏာဖမ်းဆုပ်ထားမှု ဆက်လက် တည်တံ့ရေး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပြီးနောက် ရက်ပိုင်းအကြာမှာ အဲဒီလက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်က နှစ်များစွာအတွင်း ပထမဆုံး တစ်ခုတည်းသော နိုင်ငံတကာ မီဒီယာနဲ့ တွေ့ဆုံမှုအဖြစ် ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံခဲ့ပါတယ်။
အရပ်သားပြည်သူတွေ ထိခိုက်ခံစားနေရပါတယ်။ အဲဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လျစ်လျူရှုထားတာမျိုး မိမိအနေနဲ့ မဖြစ်စေချင်ဘူးလို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။
နိုင်ငံတဝှမ်း စစ်တပ်က အရှိန်မြှင့် ဗုံးကြဲနေတဲ့ လုပ်ရပ်ကို နိုင်ငံတကာက တားဆီးဖို့ ပျက်ကွက်နေကြောင်း၊ အချိန် ၁၅ လအတွင်း အရပ်သားနေရာ ၁၀၀၀ ကျော်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာ့ ငြိမ်းချမ်းရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောဆိုပါတယ်။
တရုတ်နဲ့ ထိုင်းကြား ဗျူဟာမြောက် နယ်မြေကို ထိန်းချုပ်ထားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဒီကနေ့ ခေတ် ကာလမှာ ဘယ်သူကို အားကိုးလို့ အားကိုးရမှန် မသိဘူးလို့ ပြောပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်း နောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇၂၈ ဦး သေဆုံးခဲ့ပြီး ဖြစ်ပေမယ့် စစ်တပ်က အကြမ်းဖက်သမားတွေကို တိုက်ခိုက်တာလို့ တုံ့ပြန်ထားပါတယ်။
၇၉ နှစ်မြောက် ရှမ်းအမျိုးသားနေ့ မိန့်ခွန်း ပြောကြားရာမှာ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့တွေကြား ယုံကြည်မှု တည်ဆောက်ရေး တိုက်တွန်းပြီး စစ်တပ်နဲ့ နိုင်ငံရေး အရ ဆွေးနွေးဖို့ လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောတာပါ။
သူ့ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတလုပ်မယ်လို့ မျှော်လင့်ရတဲ့ အခြေအနေမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကိုယ်စားပြု ကြံခိုင်ရေး ပါတီ အနိုင်ရခဲ့ပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စစ်ခေါင်းဆောင်တွေ အာဏာဆက်လက် ဆုပ်ကိုင်ထားဖို့ ဟန်ပြ ကျင်းပတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်ဆစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူး ပြောဆိုပြီး မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် နိုင်ငံ ဒုက္ခရောက်ရကြောင်း သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူအမှား တစ်ခုမှ မလုပ်ထားသလိုနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ လက်နက် စွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။
အဲဒီ ကမ်းလှမ်းချက်ကို ဘယ်သူမှ လက်မခံကြောင်း၊ RCSS အနေနဲ့ တခြားသော လက်နက်ကိုင် အဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေး စီစဉ်ထားတယ်လို့လည်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က တုံ့ပြန် ပြောဆိုထားပါတယ်။
Ref:Reuters

