တီဟီရန်၊ ဖေဖော်ဝါရီ ၁၁

အမေရိကန်က တိုက်ခိုက်လာနိုင်တာကြောင့် အီရန်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြောင်း ဂြိုဟ်တုပုံရိပ်တွေကို ကိုးကားပြီး ကျွမ်းကျင်သူတွေက ပြောပါတယ်။

နျူကလီးယား စက်ရုံရဲ့ အလယ်နဲ့ တောင်ဖက် ဝင်ပေါက်တွေကို အီရန် အရာရှိတွေက မြေကြီးတွေနဲ့ ဖုံးလိုက်ပြီး မြောက်ဖက်စွန်း မြေအောက်လိုဏ်ခေါင်း ဝင်ပေါက်ကိုလည်း ဖုံးကွယ်ထားတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။

အီရန် အစိုးရက အမေရိကန် တိုက်ခိုက်လာနိုင်တဲ့အတွက် အခုလို ကြိုတင် ပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက The Jerusalem Post သတင်းဌာနသို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောထားပါတယ်။

အစ္စဖာဟန် နျူကီးယား အဆောက်အဦကို ရိုက်ယူထားတဲ့ ဂြိုဟ်တု ပုံရိပ်တွေကို လေ့လာပြီးနောက် ကျွမ်းကျင်သူတွေက အခုလိုမျိုး ပြောဆိုလာတာပါ။

အဲဒီ နျူကလီးယား စက်ရုံရဲ့ အလယ်နဲ့ တောင်ဖက် ဝင်ပေါက်တွေကို မြေကြီးတွေနဲ့ ဖုံးထားပြီး မြောက်ဖက်စွန်း မြေအောက် လိုဏ်ခေါင်း ဝင်ပေါက်ကိုလည်း ကာကွယ်ရေး ပုံစံ ပြောင်းလဲထားကြောင်း ဂြိုဟ်တုပုံရိပ်တွေက ဖော်ပြနေပါတယ်။

မြေအောက် လိုဏ်ခေါင်းကို မြေပြန်ဖြည့်ထားတာကြောင့် အထဲမှာ သိုလှောင် သိမ်းဆည်းထားတဲ့ ယူရေနီယံတွေကို ရုတ်တရုတ် စီးနင်း တိုက်ခိုက်ပြီး မရယူနိုင်အောင် လုပ်ဆောင်ထားတာ ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ လုံခြုံရေးနဲ့သိပ္ပံ အင်စတီကျုက ပြောပါတယ်။

အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု မတိုင်ခင်ကလည်း အီရန်က သူတို့ရဲ့ နျူကလီးယား စက်ရုံတွေကို အလားတူ ကြိုတင် ပြင်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပညာရှင်တွေက ပြောဆိုပါတယ်။

ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေအတွက် အီရန်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး ၂၀၂၆ ဇန်နဝါရီ လကုန်ပိုင်းနဲ့ ဖေဖော်ဝါရီအတွင်း အစ္စဖာဟန် နျူကလီးယား စက်ရုံမှာ ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်ထားပါတယ်။

နျူကလီးယား စက်ရုံတွေကို ကာကွယ်ဖို့ ဆောင်ရွက်နေသလို အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပဲ့ထိန်းဒုံးကျည် ထားသိုရာ နေရာတွေကို ကာကွယ်ရေး ပြင်ဆင်ထားပါတယ်။

အဲဒီ နေရာတွေဟာ အမေရိကန်က တိုက်ခိုက်လာရင် ခုခံကာကွယ်ရေးအတွက် အီရန်ရဲ့ ဗျူဟာမြောက် နေရာတွေ ဖြစ်ပါတယ်။

တာတိုနဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေ ပို့ဆောင်ရေး ထားသိုရေး ကာကွယ်ရေး အီရန် မြေပြင် တပ်ဖွဲ့တွေနဲ့ အာကာသ တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။

အမေရိကန်က တိုက်ခိုက်လာရင် အဲဒီ ပဲ့ထိန်း ဒုံးကျည်တွေနဲ့ အီရန်က ဒေသတွင်း အမေရိကန် ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နှင်းမှုနဲ့ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ဝါရှင်တန်နဲ့ တီဟီရန်ကြား တင်းမာမှု မြင့်တက်နေချိန် နှစ်နိုင်ငံကြား ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီရန်အနေနဲ့ ယူရေနီယံ သန့်စင်ခွင့် မရှိဘူးလို့ အမေရိကန်က ပြောထားပေမယ့် အီရန်က အဲဒီ အခွင့်အရေးကို အရယူဖို့ ကြိုးပမ်းနေတာပါ။

အီရန်အနေနဲ့ သဘောတူညီမှု တစ်ရပ် မရယူဘူးဆိုရင် စစ်ရေးအရ အရေးယူခံရနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပါတယ်။

အမေရိကန်က တိုက်ခိုက်လာရင် ဒေသဆိုင်ရာ စစ်ပွဲ ဖြစ်လာနိုင်တယ်လို့ အီရန်က ပြန်လည်း ခြိမ်းခြောက်ထားပါတယ်။

Ref:TheJerusalempost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.