ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၃

နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးပြီးနောက် ဗင်နီဇွဲလားရဲ့ ရေနံ တင်ပို့မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတစ်ရက်ကို စည်ပေါင်း ၄၉၈၀၀၀ ရှိခဲ့ရာကနေ ဇန်နဝါရီလအတွင်း တစ်ရက်ကို စည်ပေါင်း ၈၀၀၀၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။

ရေနံ ပိတ်ဆို့မှု အဆုံးသတ်လိုက်တာကြောင့် တင်ပို့မှု အများစုကို ကုန်သည်တွေ သယ်ယူခွင့် ရရှိနေပြီ ဖြစ်ကြောင်း သင်္ဘော တင်ပို့မှုဆိုင်ရာ အချက်အလက်တွေက ဖော်ပြထားပါတယ်။

မာဒူရိုကို ဖိအားပေးရေး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံကို ဝါရှင်တန်က ဒီဇင်ဘာလ အတွင်း ရေနံ ပိတ်ဆို့မှု ပြုလုပ်ပြီး ရေနံတင်သင်္ဘော ၇ စီးကို ဖမ်းဆီးခဲ့တာပါ။

အခုလို ပိတ်ဆို့ထားမှုကြောင့် ကမ်းပေါ်က တိုင်ကီတွေနဲ့ သင်္ဘောတွေပေါ်မှာ ရေနံစိမ်းနဲ့ လောင်စာ စည်ပေါင်း သန်း ၄၀ ကျော်အထိ စုပြုံသွားခဲ့ပါတယ်။

အဲဒီ ရေနံစိမ်းတွေကို ပြည်ပသို့ တင်ပို့လို့ မရတာကြောင့် ဗင်နီဇွဲလား အစိုးရပိုင် PDVSA ကုမ္ပဏီက ဇန်နဝါရီလ လဆန်းပိုင်းမှာ ထုတ်လုပ်မှု လျှော့ချခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကုန်သည်တွေအတွက် ပထမဆုံး လိုင်စင်တွေကို သက်တမ်း တိုးပေးလိုက်ပြီးနောက် ဗင်နီဇွဲလားရဲ့ ရေနံ တင်ပို့မှု ပိုများလာခဲ့ပါတယ်။

အိုပက်ဇ် အဖွဲ့ဝင် ဗင်နီဇွဲလားရဲ့ ကုန်စည် တင်ပို့မှု၊ ရေနံထုတ်လုပ်မှုနဲ့ သန့်စင်မှုတွေလည်း အရှိန်မြင့်တက်လာခဲ့ကြောင်း ရေနံတင် သင်္ဘောများ ခုတ်မောင်းသွားလာမှုဆိုင်ရာ အချက်အလက်တွေက ဖော်ပြနေပါတယ်။

ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့မှု သိသိသာသာ မြင့်တက်လာခဲ့ပေမယ့် ၂၀၂၅ ခုနှစ် အလားတူ ကာလက ရေနံတင်ပို့မှုထက် လျော့နည်းနေသေးတယ်လို့ သိရပါတယ်။

PDVSA ကုမ္ပဏီရဲ့ လက်တွဲဖော်တွေနဲ့ ကုန်သွယ်တွေက ရေနံတင်ပို့မှုကို ဆက်လက် အရှိန်မြှင့်ဦးမှာ ဖြစ်တာကြောင့် ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့မှု ရာနှုန်းပြည့် အနေအထားကို ရောက်လာဦးမှာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန် ကုမ္ပဏီတွေနဲ့ PDVSA ကြား စီးပွားရေး လုပ်ကိုင်ခွင့် ပြီးခဲ့တဲ့ သီတင်းပတ်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီလို ခွင့်ပြုရာမှာ ဗင်နီဇွဲလား ရေနံတွေကို တင်ပို့ခွင့်၊ သိုလှောင်ခွင့်၊ သယ်ပို့ခွင့်၊ ပြန်လည် သန့်စင်ခွင့် တို့လည်း ပါဝင်ပါတယ်။

Chevron အပါအဝင် PDVSA ကုမ္ပဏီရဲ့ လက်တွဲဖော်တွေက လုပ်ငန်း တိုးချဲ့ဖို့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ လိုင်စင်တွေကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

အမေရိကန်က ဗင်နီဇွဲလား ရေနံတွေ အဓိက တင်ပို့ရာ နိုင်ငံအဖြစ် ပြီးခဲ့တဲ့လက သူ့ရဲ့ အနေအထားကို ပြန်လည် ရယူခဲ့ပါတယ်။

ဒီဇင်ဘာလအထိ ဗင်နီဇွဲလား ရေနံတွေ အများဆုံး တင်ပို့တဲ့ နိုင်ငံ ဖြစ်ခဲ့တဲ့ တရုတ်ဟာ ပြီးခဲ့တဲ့လက ရေနံစည်ပေါင်း ၁၅၆၀၀၀ လက်ခံ ရရှိခဲ့ပါတယ်။

တရုတ်ဟာ ဒီဇင်ဘာလအထိ ဗင်နီဇွဲလား ရေနံ တင်ပို့မှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး မဟာမိတ် ကျူးဘားဆီကိုတော့ ဘာတင်ပို့မှုမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မာဒူရိုကို အမေရိကန်က ဖမ်းဆီးပြီးနောက် ဗင်နီဇွဲလားနဲ့ ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ ရေနံ ထောက်ပံ့ရေး သဘောတူညီမှု တစ်ရပ် ရယူခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်က ရုရှား ရေနံတွေကို ဈေးပေါပေါနဲ့ ဝယ်ယူနေတဲ့ အိန္ဒိယကိုလည်း ကုန်သွယ်ရေး သဘောတူညီမှု ရယူပြီး ရုရှားရေနံတွေ ဝယ်ယူနေတာ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ဗင်နီဇွဲလားရဲ့ အမေရိကန်သို့ ရေနံ တင်ပို့မှုဟာ နောက်ထပ် မြင့်တက်လာဖို့ ရှိကြောင်း ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.