ဘေဂျင်း၊ ဖေဖော်ဝါရီ ၃
တရုတ် စစ်တပ် အင်အားပိုကောင်းလာစေရေးနဲ့ အတားအဆီးတွေ ဖယ်ရှားရေးအတွက် ထိပ်တန်း ဗိုလ်ချုပ် ကျန်းယူရှားနဲ့ တခြား အကြီးတန်း အရာရှိတွေကို အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်း စစ်ဆေးနေတာ ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂ ရက်မှာ ဖော်ပြပါတယ်။
သြဇာအာဏာ ကြီးမားတဲ့ ဗဟို စစ်ရေးကော်မရှင် (CMC) ဒုဥက္ကဋ္ဌ ကျန်းယူရှားအပြင် CMC ရဲ့ ပူးတွဲဌာန အကြီးအကဲ လွီကျန်းလီတို့ကို စုံစမ်း စစ်ဆေးနေကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ လမှာ ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သမ္မတ ရှီကျင့်ဖျင် အာဏာရလာပြီးနောက်ပိုင်း တရုတ် ကွန်မြူနစ်ပါတီနဲ့ အစိုးရအဖွဲ့ရဲ့ ရာထူး အဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှု ကင်းစင်ရေး အစီအစဉ်အရ အခု အရာရှိ နှစ်ဦးဟာ နောက်ဆုံး စုံစမ်း စစ်ဆေးခံရသူတွေ ဖြစ်ပါတယ်။
ကျန်းနဲ့ လွီကို စုံစမ်း စစ်ဆေးရတဲ့ အကြောင်းရင်းကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြမထားပါဘူး။
ဒါပေမဲ့ တရုတ် စစ်တပ်ရဲ့ ပါးစပ်ပေါက် ဖြစ်တဲ့ PLA Daily သတင်းစာက သူတို့ဟာ အကျင့်ပျက် ခြစားမှုနဲ့ ဆက်နွယ်နေသူတွေ ဖြစ်ကြောင်း မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။

အဲဒီ အရာရှိနှစ်ဦးကို စုံစမ်းစစ်ဆေးပြီး အရေးယူတာက စစ်တပ်အတွင်း အတားအဆီးတွေကို ရှင်းလင်းရာရောက်ပြီး တိုက်ခိုက်ရေး စွမ်းရည် ပိုမို ကောင်းမွန်လာစေမှာ ဖြစ်ကြောင်း အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်ရဲ့ အကျင့်ပျက်ခြစားမှု နှိမ်နှင်းတာဟာ သန့်ရှင်းတဲ့ အစိုးရအဖွဲ့ ဖြစ်လာစေဖို့အတွက် ဖြစ်တယ်လို့ ထောက်ခံသူတွေက ပြောကြားပေမယ့် ဝေဖန်သူတွေကတော့ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက်တွေကို ရှင်းလင်းနေတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
PLA Daily သတင်းစာရဲ့ အယ်ဒီတာပိုင်းက ကျန်းနဲ့ လွီ အကြောင်းကို တစ်ကြိမ်ထက်မနည်း ဖော်ပြတာဟာ ပုံမှန်မဟုတ်တဲ့ ဖော်ပြမှု ဖြစ်တယ်လို့ စင်ကာပူ နန့်ယန်း နည်းပညာတက္ကသိုလ် လက်ထောက် ပေါမောက္ခ ဒိုင်လန် လိုက ပြောပါတယ်။
တိုက်ခိုက်ရေး စွမ်းရည် ပိုမို ထိရောက်စေရေးဆိုတဲ့ အကြောင်းပြချက်က စစ်တပ်ထဲမှာ အကျင့်ပျက် ခြစားမှုကြောင့် တိုက်ခိုက်ရေး စွမ်းရည်ကို ထိခိုက်စေကြောင်း ဝန်ခံလိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။
အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို ဖယ်ရှားရေး ဘယ်လောက်ပဲ ခက်ခဲပါစေ ရှင်းထုတ်သွားမှာ ဖြစ်ကြောင်း ရှီကျင့်ဖျင်က အချက်ပြလိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
စစ်သားအားလုံးဟာ ဗဟိုစစ်ရေး ကော်မရှင်ရဲ့ စစ်အင်အား ချထားမှု၊ အဓိက ဆုံးဖြတ်ချက်တွေ၊ ရှီကျင့်ဖျင်ရဲ့ ညွှန်ကြားချက်တွေနဲ့ တသားတည်း ရှိရမှာ ဖြစ်ကြောင်းလည်း တရုတ် နိုင်ငံပိုင် သတင်းမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ရှီကျင့်ဖျင်ရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာမှု မရှိတဲ့ အရာရှိတွေ တရုတ် စစ်တပ်မှာ ရှိနေ နိုင်ကြောင်းလည်း လေ့လာသူတွေက ပြောပါတယ်။
စစ်ဖက်ဆိုင်ရာ အရာရှိ ၉ ဦးကို အကျင့်ပျက် ခြစားမှုနဲ့ စုံစမ်း စစ်ဆေးနေကြောင်း တရုတ် အစိုးရက အောက်တိုဘာလအတွင်း ကြေညာခဲ့ပါတယ်။
စုံစမ်း စစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထိပ်တန်း စစ်ဗိုလ်ချုပ် နှစ်ဦးကို ထုတ်ပယ်ခဲ့ပါတယ်။
Ref:AFP

