ဘေဂျင်း၊ ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မာဖီးယား မိသားစုတွေထဲက တစ်စု ဖြစ်တဲ့ ပယ် မိသားစုဝင် ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း တရုတ် နိုင်ငံပိုင်မီဒီယာက ဖော်ပြထား ပါတယ်။
သူတို့ဟာ ဂွမ်ဒေါင်းပြည်နယ်ရှိ တရုတ် တရားရုံး တစ်ရုံးက လိမ်လည်မှု၊ လူသတ်မှု၊ ထိခိုက်ဒဏ်ရာရစေမှု၊ တခြား ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ မိသားစုဝင် ၂၁ ဦး ထဲမှာ ပါဝင်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေး အခြေအနေ မကောင်းတာကြောင့် သေဆုံးသွားခဲ့တဲ့ မျိုးနွယ်စု ခေါင်းဆောင် ပယ်စောက်ချိန် အပါအဝင် သူတို့ မိသားစုဝင် ၅ ဦးကို နိုဝင်ဘာလ အတွင်း တရားရုံးက သေဒဏ် ချမှတ်ခဲ့တာပါ။
အရှေ့တောင်အာရှိ အွန်လိုင်း လူလိမ်ဂိုဏ်းတွေကို နှိမ်နှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြီ မိသားစုဝင် ၁၁ ဦးကို ကွပ်မျက်ခဲ့ပါတယ်။
သူတို့ မိသားစုတွေဟာ မြန်မာနယ်စပ် လောက်ကိုင်မြို့မှာ ကာစီနိုလုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်း၊ အွန်လိုင်း လူလိမ်လုပ်ငန်းတွေကို ကြီးစိုးထားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။

ကိုယ်ပိုင် လက်နက်ကိုင်အဖွဲ့ရှိပြီး ကာစီနိုလုပ်ငန်းတွေနဲ့ အွန်လိုင်း လူလိမ်လုပ်ငန်းတွေကို လက်ခံထားတဲ့ ဝင်းခြံ ၄၁ တစ်ခုအထိ ဖွင့်လှစ်ထားတဲ့ ပယ် မိသားစုကြောင့် တရုတ် နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရပြီး ၁ ဦး ကိုယ့်ကိုယ်ကို သတ်သေခဲ့သလို ဒဏ်ရာရရှိမှုတွေလည်း အများအပြား ရှိကြောင်း တရုတ် တရားရုံးက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှရှိ တခြားဒေသတွေမှာ အွန်လိုင်း လူလိမ်လုပ်ငန်းတွေမှာ ခိုင်းစေဖို့ လူရာပေါင်းများစွာ ပြန်ပေးဆွဲခံခဲ့ရပြီး အတင်းအကြပ် အလုပ်စေခိုင်းခံနေကြရပါတယ်။
သူတို့တွေထဲမှာ တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ ပါဝင်နေပြီး တရုတ်နိုင်ငံသားတွေကိုပဲ အွန်လိုင်းက လိမ်လည်ပြီး တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘောဒီးယားမှာလည်း အွန်လိုင်း လူလိမ်လုပ်ငန်းတွေ စီးနင်းခံရပြီး တရုတ်နိုင်ငံသား ၁၈၀၀ လောက် ဖမ်းဆီးခံထားရပါတယ်။
ထိုင်းနယ်စပ် မြန်မာနိုင်ငံထဲမှာ အွန်လိုင်း လူလိမ်လုပ်ငန်းတွေကို စစ်ကောင်စီ မဟာမိတ် လက်နက်ကိုင် အဖွဲ့က ကာကွယ်ပေးထားပြီး ကမ္ဘာတဝှမ်းရှိ လူတွေကို လိမ်လည်နေတာ ဖြစ်ပါတယ်။
စစ်တပ်က အွန်လိုင်း လူလိမ်လုပ်ငန်းတွေကို ဟန်ဆောင် နှိမ်နှင်းပြခဲ့ပေမယ့် တခြားနေရာတွေဆီ ရွှေ့ပြောင်းပြီး လုပ်ငန်း လည်ပတ်နေကြပါတယ်။
Ref:BBC

