ကူအက်တာ၊ ဖေဖော်ဝါရီ ၂

ဘာလူချီစတန်ပြည်နယ်မှာ ဗုံးခွဲတိုက်ခိုက်မှုများ လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးခဲ့ပြီးနောက် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက နာရီ ၄၀ ကြာ တိုက်ပွဲအတွင်း စစ်သွေးကြွ ၁၄၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁ ရက်က ပြောလိုက်ပါတယ်။

အီရန်၊ အာဖဂန်နစ္စတန်တို့နဲ့ ထိစပ်နေတဲ့ ဘာလူချီစတန်ပြည်နယ်မှာ စစ်သွေးကြွတွေက လုံခြုံရေး တပ်ဖွဲ့တွေ၊ အရပ်သားတွေနဲ့ အခြေခံ အဆောက်အဦတွေကို အရှိန်မြှင့် တိုက်ခိုက်နေတာပါ။

ပြည်နယ် အရာရှိတွေဟာ နှစ်များစွာအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါတယ်။

သာမန် အရပ်သားတွေလို ဝတ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘဏ်တွေနဲ့ ဈေးတွေထဲကို ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် အငယ်တန်း ပြည်ထဲရေးဝန်ကြီး တာလယ် ချောင်ဒရီက ပြောပါတယ်။

ဖြစ်ရပ် တစ်ခုစီမှာ တိုက်ခိုက်ရေးသမားတွေဟာ သာမန်အရပ်သားတွေလို ဝတ်ဆင်ပြီး အရပ်သားတွေကို ဘယ်သူဘယ်ဝါ မခွဲခြားဘဲ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းနဲ့ စစ်သွေးကြွတွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချခဲ့တယ်လို့ အငယ်တန်းပြည်ထဲရေးဝန်ကြီး ချောင်ဒရီက ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေဟာ မိမိတို့ လက်ချက် ဖြစ်ကြောင်း တားမြစ်ခံထားရတဲ့ ဘာလော့ချ် လွတ်မြောက်ရေး တပ်က ပြောပါတယ်။

ပြည်နယ်တဝှမ်းရှိ လုံခြုံရေးတပ်ဖွဲ့တွေကို မိမိတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဘာလော့ချ် လွတ်မြောက်ရေးတပ်က ကြေညာထားပါတယ်။

ပြည်နယ်မြို့တော် ကူအက်တာရှိ ရဲစခန်း အပြင်ဖက်မှာ မီးလောင်နေတဲ့ ကားတွေ ကျည်ဆံရာ ဗရပွ ဖြစ်နေတဲ့ တံခါးတွေကို မြင်တွေ့ရပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်တွေက အရှိန်မြှင့် ကင်းလှည့်ပြီး လှုပ်ရှားသွားလာမှုတွေကို တားမြစ်ထားပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအတွင်း ဥပဒေစည်းကြပ်ရေး ဝန်ထမ်း ၁၇ ဦးနဲ့ အရပ်သား ၃၁ ဦး သေဆုံးခဲ့တယ်လို့ ဘာလူချီစတန် ပြည်နယ်ဝန်ကြီးချုပ် ဆာဖရက် ဘူဂတီက ပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက်က စစ်သွေးကြွ ၄၁ ဦး သေဆုံးခဲ့ပြီး ၃၁ ရက်က ၉၂ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ပြောထားပါတယ်။

စစ်သွေးကြွတွေက ကူအက်တာ၊ ဂဝါဒါ၊ မက်စတန်၊ နော့ချ်ခီဒေသတွေမှာ တပြိုက်နက်တည်း နီးပါးတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန် စစ်တပ်၊ အကြမ်းဖက်မှု နှိမ်နှင်းရေး တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အကြီးဆုံးနဲ့ အဆင်းရဲဆုံးပြည်နယ် ဖြစ်တဲ့ ဘာလူချီစတန် ပြည်နယ်မှာ ခွဲထွက်ရေး ဘာလော့ချ် လူမျိုးတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုမိုရရှိရေး သဘာဝရင်းမြစ် ဝေစု ပိုမို ရရှိရေး တိုက်ခိုက်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပါတယ်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင် ၈၄ ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး တခြား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘာလော့ချ် လွတ်မြောက်ရေး တပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှု နှစ်ခုမှာ အမျိုးသမီး တိုက်ခိုက်ရေးသမားတွေ ပါဝင်ပြီး အလုပ်သမားတွေ ဆင်းရဲသား ရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ကာဝါဂျာ အဆစ်က ပြောပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အိန္ဒိယက ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွတွေရဲ့ လက်ချက် ဖြစ်တယ်လို့ ပါကစ္စတန်က စွပ်စွဲထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.