တိုကျို၊ ဖေဖော်ဝါရီ ၂

လာမယ့် သီတင်းပတ် ကျင်းပမယ့် အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရနိုင်ကြောင်း Asahi သတင်းစာက ဖေဖော်ဝါရီ ၁ ရက် ဖော်ပြတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ ထောက်ခံမှု အားကောင်းလာမယ်ဆိုရင် တာကာအိချီရဲ့ ပါတီအပေါ် ထိန်းချုပ်မှု အားပိုကောင်းလာမှာ ဖြစ်ပြီး ဘဏ္ဍာရေး မူဝါဒတွေကို ရှေ့တိုး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

တာကာအိချီရဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီဟာ အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာထဲက ၂၃၃ နေရာ အနိုင်ရနိုင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီ ပါတီဟာ လက်ရှိမှာ အောက်လွှတ်တော် အမတ်နေရာ ၁၉၈ နေရာပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ညွှန့်ပေါင်းအစိုးရအဖွဲ့ လက်တွဲဖော် Ishin ပါတီနဲ့အတူ အာဏာရ မဟာမိတ်အဖွဲ့အနေနဲ့ အမတ်နေရာ ၃၀၀ အထိ ရှိလာနိုင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အကြီးမားဆုံး အတိုက်အခံ Centrist Reform Alliance ပါတီဟာ ထောက်ခံမှု ရရှိဖို့ အခက်ကြုံနေပြီး အမတ်နေရာ ၁၆၇ နေရာမှာ ထက်ဝက်လောက်ကို ဆုံးရှုံးရနိုင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် တာကာအိချီရဲ့ အာဏာရညွှန့်ပေါင်း အဖွဲ့ဟာ သြဇာကြီးတဲ့ အောက်လွှတ်တော်မှာ လက်ရှိ နေရာ အနည်းငယ်အသာနဲ့ လူများစု အမတ်နေရာကို ရရှိထားပေမယ့် အထက်လွှတ်တော်မှာ လူနည်းစု နေရာပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်က ပြီးခဲ့တဲ့လအတွင်း လွှတ်တော်ကို ဖျက်သိမ်းပြီး ဖေဖော်ဝါရီ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

တာကာအိချီရဲ့ ပါတီ ရွေးကောက်ပွဲမှာ ကြီးကြီးမားမား အနိုင်ရရင် သူ့ရဲ့ အာဏာ ဆုပ်ကိုင်မှု အားပိုကောင်းလာမှာ ဖြစ်ပြီး စားသုံးသူ အခွန် လျှော့ချမှု အပါအဝင် သူ့ရဲ့ ဘဏ္ဍာရေး မူဝါဒတွေကို ရှေ့ဆက် လုပ်ဆောင်မှာ ဖြစ်ကြောင်း အကြီးတန်း ငွေတိုက်စာချုပ် ဗျူဟာရှင် ကီအိဆုကီက ပြောပါတယ်။

အစားအစာ ရောင်းချမှုတွေအပေါ် အခွန် ၈ ရာခိုင်နှုန်း ကောက်ခံမှုကို နှစ်နှစ်ကြာ ရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း တာကာအိချီက ကြေညာပြီးနောက် ဂျပန်ဈေးကွက်တွေ ထိခိုက်ခဲ့ရပါတယ်။

ဂျပန်မှာ စီးပွားရေး တန်ဖိုးထက် ကြွေးမြီ တန်ဖိုး ပိုများနေတာကြောင့် ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါတယ်။

နေထိုင်စားသောက်မှု စရိတ် ပိုများလာနေချိန်မှာ အိမ်ထောင်စုတွေအပေါ် ရိုက်ခတ်မှု မရှိစေရေး စားသုံးသူ အခွန် လျှော့ချဖို့ ဒါမှနမဟုတ် ဆိုင်းငံ့ဖို့ ပါတီ အများစုက တောင်းဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.