ဒါကာ၊ ဇန်နဝါရီ ၂၄

နိုင်ငံတကာ တရားရုံး (ICJ) မှာ ရိုဟင်ဂျာ လူမျိုးတွေကို လွဲမှားစွာ ပုံဖော်နေတယ်ဆိုပြီး မြန်မာကို ပြစ်တင်ရှုတ်ချကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၂၃ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ICJ မှာ မြန်မာ ကိုယ်စားလှယ်တွေက ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ချ်က ရောက်လာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဘင်္ဂါလီတွေ အဖြစ်ပုံဖော်ပြီး ပြည်တွင်းလုံခြုံရေး အန္တရာယ်တွေ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ အားကောင်းလာအောင် လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာက သူတို့ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ် အဖြစ် တရားဝင် ဖြစ်စေဖို့ ကြိုးပမ်းနေတာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ်က ပြောပါတယ်။

၂၀၁၆-၂၀၁၇ ကာလအတွင်း ရိုဟင်ဂျာ လူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေ၊ ရာဇဝတ်မှုတွေ အပေါ် ရောက်ရှိနေတဲ့ အာရုံစိုက်မှုတွေ အာရုံလွှဲဖို့ မြန်မာဘက်က ကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်း ဒါကာ အစိုးရက ပြောထားပါတယ်။

ဇာတ်လမ်း တစ်ခု ဖန်တီးဖို့ အဲဒီလို ကြိုးပမ်းမှုတွေဟာ ရိုဟင်ဂျာ ပြဿနာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကနေ အာရုံလွဲသွားအောင် ကြိုးပမ်းတာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ချ်က ပြောပါတယ်။

တရားမျှတမှု ရရှိစေဖို့၊ တာဝန်ခံမှု ရှိစေဖို့နဲ့ ရေရှည် တည်တံ့မယ့် ဖြေရှင်းချက်တွေ ရှာဖွေဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေ အားလျော့သွားအောင် မြန်မာက လုပ်ဆောင်နေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အနောက်အာဖရိကရှိ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ မြန်မာ အပေါ် စွဲဆိုထားတဲ့ အမှုကို ICJ က အခု လဆန်းပိုင်းက စတင် ကြားနာ စစ်ဆေးနေပါတယ်။

ရိုဟင်ဂျာတွေဟာ သူတို့နိုင်ငံ သူတို့ရဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပြန်လည် ပေါင်းစည်းရမယ့် အစိတ်အပိုင်း ဖြစ်ကြောင်း အသိအမှတ်ပြုရေး ကတိကို မြန်မာဘက်က ထုတ်ဖော်ပြသဖို့လည်း ဘင်္ဂလားဒေ့ချ်က တောင်းဆိုထားပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှု ကာကွယ်ရေးနဲ့ ပြစ်ဒဏ်ပေးရေး ဆိုင်ရာ သဘောတူညီမှုကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက ၂၀၁၉ နိုဝင်ဘာက ICJ မှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ် အရာရှိတွေဟာ အမုန်းထား ပြောဆိုမှုတွေကတဆင့် အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဂမ်ဘီယာ ဥပဒေအဖွဲ့ရဲ့ တင်ပြချက်တွေကို တရားရုံးက ဇန်နဝါရီ ၁၅ ရက်က ကြားနာခဲ့ပါတယ်။

မြန်မာ စစ်တပ် အရာရှိတွေက အဲဒီ မွတ်စလင် လူနည်းစုတွေဟာ မျိုးသုဉ်းသွားသင့်တဲ့ မွတ်စလင် ခွေးတွေ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဂမ်ဘီယာ ဥပဒေအဖွဲ့က တင်ပြခဲ့ပါတယ်။

မွတ်စလင် လူနည်းစုတွေ ဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တရားရုံးက ဇန်နဝါရီ ၂၉ ရက်အထိ ဆက်လက် ကြားနာ စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အဲဒီ မွတ်စလင် လူနည်းစုဟာ ဖိနှိပ်ခံနေရတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပြီး အခြေခံ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အပြင် နိုင်ငံသား ဖြစ်ခွင့်လည်း ငြင်းပယ်ခံထားရပါတယ်။

၂၀၁၇ နောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ၁ သန်းလောက် ရှိပါတယ်။
ICJ မှာ ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှုကို ကြားနာ စစ်ဆေးနေချိန်နဲ့ တပြိုင်နက်တည်း ဆိုသလိုပဲ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ ARSA က ရခိုင်ပြည်နယ်သို့ ဝင်ရောက် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
Ref: aa.com.tr

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.