ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၃

မလေးရှား ကာကွယ်ရေးဦးစီးချုပ်ဟောင်းကို အာဏာ အလွဲသုံးစားလုပ်မှု၊ စစ်တပ် ဖူလုံရေး ရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ဆက်စပ်တဲ့ ဥပဒေချိုးဖောက်မှုတွေအတွင်း မလျော်မကန် လုပ်ဆောင်မှုတို့နဲ့ ဇန်နဝါရီ ၂၃ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။

အသက် ၅၉ နှစ်အရွယ် မိုဟာမက် နီဇမ် ဂျက်ဖာဟာ ဖူလုံရေးရန်ပုံငွေနဲ့ ဖြန့်ဖြူးပေးတဲ့ လွတ်လပ်ရေးနေ့ စားစရာ လက်ဆောင်ခြင်းတွေအတွက် ပစ္စည်း ဝယ်ယူရာမှာ အာဏာ အလွဲသုံးစား လုပ်ခဲ့ကြောင်း စွဲချက် နှစ်ခုနဲ့ စွဲချက်တင်ခံထားရပါတယ်။

သူဟာ ရန်ပုံငွေ တချို့ကို ခွင့်ပြုချက်မရှိဘဲ ရင်းနှီးမြှုပ်နှံမှုအတွက် ယုံကြည်မှု ချိုးဖောက်မှုဆိုင်ရာ ရာဇဝတ်မှု စွဲချက် တစ်ခုနဲ့လည်း စွဲချက်တင်ခံထားရပါတယ်။

ဖူလုံရေး ရန်ပုံငွေနဲ့ မလေးရှား စစ်တပ်ရဲ့ စစ်မှုထမ်းတွေ၊ စစ်ပြန်တွေနဲ့ လိုအပ်မှုရှိတဲ့ သူတို့ရဲ့ မိသားစုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။ အဲဒီလို ကူညီရာမှာ ဘဏ္ဍာရေးအရ ထောက်ပံ့ပေးတာ နို့မှုန့်နဲ့ တစ်ခါသုံး သေးခံလို မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးတာတို့ ပါဝင်ပါတယ်။

သူဟာ တရားဝင် သဘောတူညီမှုတွေမှာ ပါဝင်သူ တစ်စုံတယောက်ဆီက တန်ဖိုးကြီး ပစ္စည်းများ လက်ခံရယူမှု စွဲချက် နောက်တစ်ချက်နဲ့လည်း ရင်ဆိုင်နေရပါတယ်။

ကာချုပ်ဟောင်း နီဇမ် ဂျက်ဖာဟာ ကုမ္ပဏီ ညွှန်ကြားရေးမှူး တစ်ယောက်ဆီက ရင်းဂစ် ၂၀၀၀၀၀ (ဒေါ်လာ ၄၉၇၂၀) လက်ခံရယူခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

နီဇမ်ဟာ အာဏာ အလွဲသုံးစား လုပ်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေအတွင်း ရင်းဂစ် ၇၅၂၀၀၀ ရယူခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

ကွာလာလမ်ပူမြို့ရှိ အကျင့်ပျက်ခြစားမှု အထူးတရားရုံးမှာ စွဲချက်တွေကို ဖတ်ကြားခဲ့ပြီးနောက်မှာ နီဇမ် ဂျက်ဖာဟာက စွဲချက် အားလုံးအတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

သူ့ကို တရားသူကြီးက အာမခံကြေး ရင်းဂစ် ၁၈၀၀၀၀ သတ်မှတ်ထားပါတယ်။

၂၀၂၄ ဇွန်လ ၂၄ ရက် လွတ်လပ်ရေးနေ့ လက်ဆောင်ခြင်းတွေ ထောက်ပံ့ပေးတဲ့ ကုမ္ပဏီတွေဆီက နီဇမ် ဂျက်ဖာရာဟာ သူ့ရာထူးကို အလွဲသုံးစား လုပ်ပြီး လာဘ်ငွေတွေ ရယူခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက သူဟာ မလေးရှား စစ်တပ်မှာ လက်ထောက်ဦးစီးချုပ် ဖြစ်ပြီး စစ်တပ် ဖူလုံရေး ရန်ပုံငွေတွေကို ကြီးကြပ်ရသူ ဖြစ်ပါတယ်။

စစ်သားတွေအတွက် တကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ ဝယ်ယူရာမှာလည်း သူဟာ ကုမ္ပဏီတွေဆီက လာဘ်ငွေတွေ ရယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အာဏာအလွဲသုံးစား လုပ်မှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် သူ့အနေနဲ့ ထောင်ဒဏ် နှစ် ၂၀ အပြင် ဒဏ်ငွေ ရင်းဂစ် ၁၀၀၀၀၀ ချမှတ်ခံရနိုင်ပါတယ်။

ယုံကြည်မှု ချိုးဖောက်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင် ထောင်ဒဏ် ၂ နှစ်ကနေ နှစ် ၂၀ နဲ့ ကြိမ်ဒဏ်အပြင် ဒဏ်ငွေလည်း ချမှတ်ခံရနိုင်ပါတယ်။

အစိုးရဝန်ထမ်းအဖြစ် တစ်ယောက်ယောက်ဆီက တန်ဖိုးရှိ ပစ္စည်းများ လက်ခံယူမှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် ထောင် ၂ နှစ်အထိနဲ့ သို့မဟုတ် ထောင်ဒဏ်နဲ့ ကြိမ်ဒဏ် နှစ်မျိုးစလုံး ချမှတ်ခံရနိုင်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.