ဝါရှင်တန်၊ ဇန်နဝါရီ ၂၃
အမေရိကန် စစ်သင်္ဘောအုပ်စု အီရန်ဆီ ဦးတည်သွားနေပြီ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်အနေနဲ့ နျူကလီးယား စီမံကိန်း ပြန်စတင်တာ ဒါမှမဟုတ် ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ ဆက်မလုပ်ဖို့ ထရန့်က ထပ်မံ သတိပေးထားပြီး သူ့အနေနဲ့ အဲဒီ စစ်သင်္ဘော အုပ်စုကို အသုံးမပြုရဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

လေယာဉ်တင် သင်္ဘောကြီး ယူအက်စ်အက်စ် အေဗရာဟင်လင်ကွန်နဲ့ ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေ လာမယ့် ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းသို့ ရောက်ရှိမှာ ဖြစ်ကြောင်း အမည် မဖော်လိုတဲ့ အမေရိကန်အရာရှိ တွေက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသသို့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထပ်မံချထားရေးလည်း စီစဉ်နေတယ်လို့ အမည်မဖော်လို့တဲ့ အမေရိကန်အရာရှိ တစ်ဦးက ဆိုပါတယ်။
ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းတွေကို အီရန်က တိုက်ခိုက်လာရင် ကာကွယ်ရေးအတွက် အဲဒီ လေကြောင်း ကာကွယ်ရေးစနစ်တွေ အရေးပါလာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက အီရန် နျူကလီးယား တည်နေရာတွေကို တိုက်ခိုက်ခဲ့ပြီးနောက် အခုလို စစ်အင်အား တိုးမြှင့် ချထားမှုကြောင့် ထရန့်အနေနဲ့ ဒေသတွင်း အမေရိကန်တပ်ဖွဲ့တွေကို ပိုမို ကာကွယ်နိုင်မှာ ဖြစ်သလို စစ်ရေးအရ နောက်ထပ် အရေးယူမယ်ဆိုရင်လည်း ပိုမို လွယ်ကူစေမှာ ဖြစ်ပါတယ်။
အီရန်နိုင်ငံအနီးသို့ မိမိတို့ စေလွှတ်လိုက်တဲ့ စစ်သင်္ဘောတွေ အများကြီး ရှိကြောင်း ထရန့်က ဒါးဗို့စ်မြို့ ကမ္ဘာ့စီးပွားရေး ညီလာခံ အပြန် Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အီရန်နဲ့အမေရိကန်ကြား တင်းမာမှုများ မြင့်တက်လာချိန် ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး အဲဒီ အမေရိကန် ရေတပ်သင်္ဘောတွေဟာ အာရှ-ပစိဖိတ်ဒေသကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံတဝှမ်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွင်းမှုနဲ့ ပတ်သက်လို့ ဝါရှင်တန်နဲ့ တီဟီရန်ကြား တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကို ပစ်သတ်ရင် အမေရိကန်က စစ်ရေးအရ ကြားဝင် ဖြေရှင်းရလိမ့်မယ်လို့ ထရန့်က ခြိမ်းခြောက်ခဲ့ပေမယ့် အီရန် ဆန္ဒပြပွဲအတွင်း သေဆုံးသူ ထောင်နဲ့ချီ ရှိလာတဲ့အထိ အရေးယူမှု တစ်စုံတစ်ရာ မတွေ့ခဲ့ရပါဘူး။
ဒါပေမဲ့ သူ့ရဲ့ သတိပေးမှုကြောင့် အီရန်က သေဒဏ်ချမှတ်ထားတဲ့ အကျဉ်းသား ၈၄၀ လောက်ကို ကွပ်မျက်မယ့် အစီအစဉ်တွေ ဖျက်သိမ်းခဲ့တယ်လို့ ထရန့်က ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
အီရန် အရာရှိတွေက ထရန့်ကို လုပ်ကြံသတ်ဖြတ်မယ်လို့ ပြောဆိုခဲ့ပြီးနောက် သူက မိမိ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် အီရန် ကမ္ဘာပေါ်က ပျောက်ကွယ်သွားလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
အီရန်ကလည်း အမေရိကန် တိုက်ခိုက်လာရင် ဒေသတွင်းရှိ အမေရိကန် စစ်စခန်းတွေကို ရှိသမျှ အင်အားအားလုံးနဲ့ လက်တုံ့ပြန်မယ်လို့ ပြန်လည် ခြိမ်းခြောက်ထားပါတယ်။
Ref:Reuters

