မုဒုံ၊ ဇန်နဝါရီ ၈
မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံပေါ်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီမီးလောင်မှုဟာ ကျေးရွာမြောက်ပိုင်း ကွက်သစ်ရပ်ရှိ နေအိမ်တစ်လုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေတိုက်ခတ်မှုတွေကြောင့် မီးလောင်တဲ့နေအိမ် များသွားတာလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့် ပြည်သူ ၃၀၀ ကျော် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့အပါအဝင်လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ကျေးရွာနေ ပြည်သူတွေက ဝိုင်းဝန်းငြိမ်းသက်ခဲ့တာကြောင့် နေ့လည် ၂ နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တာပါ။

မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာကျေးရွာဘုန်းကြီးကျောင်းနဲ့ဆွေမျိုးနေအိမ်တွေမှာ ယာယီနေထိုင်နေကြရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

