မုန်း၊ ဇန်နဝါရီ ၃

ပဲခူးတိုင်း မုန်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၉ ခြေမြန်တပ်ရင်းက အသက်မပြည့်သေးတဲ့ အဓမ္မ တပ်သားစုဆောင်းခံရသူတစ်ဦး အပါအဝင် စစ်မှုထမ်းတပ်သား ၅ ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

မုန်းမြို့နယ်အခြေစိုက် ခမရ ၅၉၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၈ ထံ အလင်းဝင်ခဲ့တာပါ။

လက်နက်ချ အလင်းဝင်လာတဲ့ တပ်သား ၅ ဦးဟာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် စုဆောင်းခံရသူတွေဖြစ်ပြီး အသက် ၂၀ ကျော်တွေဖြစ်တဲ့ ညွှန့်ဇော်၊ နေလင်းထက်၊ ကျော်ကျော်၊ မြင့်သောင်းနဲ့ အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် မောင်စန်းကိုနိုင်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံကို ဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံကြဖို့ KNU က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း မုန်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အမှတ် ၇၅ ခြေလျင်တပ်ရင်းက အတင်းအဓမ္မစစ်မှုထမ်း စုဆောင်းခံရတဲ့ တပ်သား ၃ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.