ချောင်းဆုံ၊ ဇန်နဝါရီ ၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွှတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်း ဦးစိုးသူ အနိုင်ရတယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုကြေညာပါတယ်။
ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွှတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးစိုးသူဟာ ခိုင်လုံမဲ ၂၃၀၀၀ ကျော်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးစိုးသူဟာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲမှာ အသက်အငယ်ဆုံး ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး အသက် ၂၉ နှစ်သာ ရှိသေးတာပါ။
ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပပြီးစီးခဲ့တဲ့ မွန်ပြည်နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ ၅ နေရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်နေရာ ၄ နေရာနဲ့ အများဆုံး အနိုင်ရရှိထားပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာတဲ့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မဲဆန္ဒနယ်မြေ ၅၆ နေရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်မြေ ၅၂ နေရာအထိ အနိုင်ရရှိခဲ့ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

