မော်လမြိုင် ၊ ဒီဇင်ဘာ ၃၀

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲအပိုင်း ၁ မှာ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီသာ နေရာအများဆုံး အနိုင်ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မွန်ပြည်နယ်က မြို့နယ်တွေ ဖြစ်တဲ့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမြို့နယ် ၅ မြို့နယ်မှာ ချောင်းဆုံးမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၄ မြို့နယ်လုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရရှိခဲ့တာပါ။

ချောင်းဆုံးမြို့နယ်မှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နေရာအတွက် မွန်ညီညွှတ်ရေးပါတီက အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ပြည်နယ်လွှတ်တော် နေရာမှာလည်း မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကို နောက်ကျမဲတွေနဲ့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းအချိန်ထိ မွန်ညီညွတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးနိုင်ထွန်းဦးကို မဲအရေအတွက် ၅၀၀ ကျော် ရှုံးနိမ့်နေတာပါ။

ဒါပေမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်အစောပိုင်း မဲရေတွက်မှု ပြီးစီးချိန်မှာတော့ ဦးအောင်ကြည်သိန်းက မဲအရေအတွက် ၅၀၀ ကျော်နဲ့ ပြန်လည်အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

နောက်ကျမဲနဲ့ ဦးအောင်ကြည်သိန်း အနိုင်ရရှိမှုအပေါ် ဒေသခံပြည်သူတွေအပါအဝင် မွန်ညီညွှတ်ရေးပါတီဘက်က မေးခွန်းထုတ်တာနဲ့ သံသယရှိနေတာပါ။

စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ဆန္ဒမဲပေးနိုင်သူ ၅၉၀,၀၀၀ ကျော် ရှိပြီး အဲဒီထဲမှာ ၂၃၀,၀၀၀ ကျော် ဆန္ဒမဲ လာပေးခဲ့ကြပြီး ရာခိုင်နှုန်းအနေနဲ့ မဲပေးသူ ၃၉ ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ ကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အပိုင်း ၂ မှာတော့ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.