မော်လမြိုင် ၊ ဒီဇင်ဘာ ၃၀
အာဏာသိမ်းမှုကနေ နိုင်ငံရေးတရားဝင်မှုရရှိဖို့ ပုံဖော်ကြိုးပမ်းခဲ့တဲ့ အသွင်ပြောင်း စစ်ကော်မရှင်ရဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ဟာ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပပြီးစီးသွားပါပြီ။
တရားမဝင် အတုအယောင်ရွေးကောက်ပွဲအဖြစ် လက်ခံထားကြတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ အဲဒီရွေးကောက်ပွဲကို မရရတဲ့နည်းနဲ့ တိုက်ဖျက်သွားမယ်လို့ အကြိုကာလတွေမှာ ထုတ်ပြောထားကြပေမယ့် လက်တွေ့မှာတော့ အရာမထင်ခဲ့ပါဘူး။
ပြည်သူအများစုက အဲဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှု အလွန်အားနည်းနေပြီး စစ်တပ်ကို ထောက်ခံတဲ့ အစုအဖွဲ့တွေအပါအဝင် အပြောင်းအလဲတစ်ရပ်ကို လိုချင်ကြသူတွေနဲ့ ဖိအားကြောင့် မလွန်ဆန်နိုင်တဲ့ သူတွေကတော့ ဆန္ဒမဲတွေ ပေးခဲ့ကြပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုဝင်တွေကိုပါ ဖိအားပေးပြီး မဲပေးခိုင်းတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၂၄ ဒသမ ၂၆ သန်းကျော်ရှိနေတာပါ။
နိုင်ငံတကာအသိုင်းအဝိုင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ကာဇက်စတန်နဲ့ နီကာရာဂွါ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့သာ လာရောက်ခဲ့ကြပြီး ကျန် အဖွဲ့ဝင်နိုင်ငံတွေ ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိခဲ့ပါဘူး။
စစ်ကော်မရှင်ကတော့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူပေါင်း ၁၆၂ ဦးက နေပြည်တော်ကောင်စီနယ်မြေက မဲရုံတွေမှာ စောင့်ကြည့်လေ့လာခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ အသိပေးပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို လွတ်လပ်မှု တရားမျှတမှု ပွင့်လင်းမြင်သာမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်စေရေး ကြိုးပမ်းနေမှုအပေါ် ဖော်ပြတာလို့ စစ်ကော်မရှင်က ရှုမြင်တာပါ။
ဒါပေမယ့် အဲဒီနိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ နိုင်ငံတွေထဲမှာ ကုလသမဂ္ဂအပါအဝင် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေနဲ့ အာရှတိုက်ရှိ ဒီမိုကရေစီနိုင်ငံတွေ မပါဝင်ကြပါဘူး။
တစ်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ကတော့ အတုအယောင်ရွေးကောက်ပွဲ အလွန်ကာလမှာလည်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ ချမှတ်ထားတဲ့ ရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ သဘောထားကို ရွေးကောက်ပွဲအလွန်ကာလအထိ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပေးဖို့နဲ့ အဲဒီရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုဖို့ တိုက်တွန်းထားတာပါ။
အပိုင်း ၁ ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွေအပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေမှာ စုစုပေါင်း မဲဆန္ဒနယ် ၆၉၂ နယ်မှာ ကျင်းပခဲ့တာလို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ ယှဉ်ပြိုင်မယ့် ပါတီ ၆ ခုနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မယ့် ၅၁ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ဝင်ပြိုင်ကြတာ ဖြစ်ပါတယ်။
စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကတော့ ဝင်ပြိုင်တဲ့ တိုင်းနဲ့ပြည်နယ်က မဲဆန္ဒနယ်အများအပြားမှာ ကနဦးမဲရလဒ်တွေအရ ဦးဆောင်အနိုင်ရရှိတဲ့သတင်းတွေ ပြည်တွင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်မှာ ဆက်တိုက်တွေ့နေရပါတယ်။
အထူးသဖြင့် နိုင်သူအကုန်ယူစနစ် FPTP တစ်ခုတည်းကိုသာ ကျင့်သုံးတဲ့ ပြည်သူ့လွှတ်တော်မှာ တစ်မြို့နယ်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်တာဖြစ်လို့ မိမိဝင်ပြိုင်တဲ့ မဲဆန္ဒနယ်မြို့နယ်တစ်ခုတည်းမှာ အနိုင်ရရှိရုံနဲ့ အပြီးသတ်ရွေးချယ်ခံရပါတယ်။
စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရွေးချယ်တဲ့ စနစ်ကို ပြည်သူ့လွှတ်တော်ကလွဲရင် အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာ နိုင်ကူအကုန်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ရောနှောထားတာပါ။
ဒါကြောင့် PR စနစ်အတွက် မဲဆန္ဒနယ်မြေသတ်မှတ်ချက်ကလည်း ကျယ်ဝန်းသလို FPTP စနစ်နဲ့ ပါတီအလိုက်ရရှိတဲ့ မဲတွေကို ရေတွက်ပြီး PR စနစ်နဲ့ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို အချိုးကျ ပြန်လည်ခွဲဝေပေးတာပါ။ ဒီအတွက် ရွေးကောက်ပွဲအပိုင်းအားလုံး ကျင်းပပြီးစီးချိန်ကျမှသာ ရွေးကောက်ပွဲရလဒ်ကို တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။
အပိုင်း ၂ ရွေးကောက်ပွဲကိုတော့ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ ကိုတော့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ၆၃ မြို့နယ်အတွင်း ကျင်းပမှာဖြစ်ပြီး ကျန် ၆၅ မြို့နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိဘူးလို့ စစ်ကော်မရှင်က ဝန်ခံထားတာပါ။
BNI Myanmar Peace Monitor ကတော့ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲအလွန် ခြေလှမ်းတွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ လက်ခံခြင်းမရှိသည့်တိုင် ရွေးကောက်ခံလွှတ်တော်နဲ့ အစိုးရတစ်ရပ်ကို ဗန်းပြပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ခြေဆန့်လာမှာ သံသယဖြစ်ဖွယ်မရှိဘူးလို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

