လောင်းလုံး၊ ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ် သားတစ်ဦးသေဆုံးပြီး ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရွေးကောက်ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ထားဝယ်မြို့နဲ့ လောင်းလုံးမြို့မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေက အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ထားဝယ်မြို့ပေါ်မှာ ရွေးကောက်ပွဲ ကျင်းပနေချိန် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်က အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ပြင်းထိန်ကျေးရွာ အရှေ့ဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ကားဘေးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကားထိမှန်ပျက်စီးခဲ့သလို ကျောင်းထိုင်ဆရာတော်မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလားတူ အဲဒီနေ့ မနက်ပိုင်းမှာလည်း လောင်းလုံးမြို့နယ် နခံတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိန်တွင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ နှစ်အရွယ် ဦးစိုးတင့် ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ထားဝယ်မြို့ပေါ် မဲပေးနေချိန် ပေါက်ကွဲမှုဖြစ်ပွားသလို ဘုတ်ပြင်းမြို့နယ်မှာလည်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.