သထုံ၊ ဒီဇင်ဘာ ၂၉
မွန်ပြည်နယ် သထုံမြို့နယ် မရမ်းကုန်းကျေးရွာ ဂျိုးဖြူကုန်းမူလွန်ကျောင်းမဲရုံမှာ ပြည်သူ့ပါတီကို မဲထည့်ဖို့ပြောသူ နှစ်ဦး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အမှုဖွင့်ခံရသူ နှစ်ဦးဟာ မရမ်းကုန်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ဒေါ်ခင်မိုးလှိုင်နဲ့ အသက် ၄၀ အရွယ် ဒေါ်ခင်မာဝေတို့ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ ပြည်သူတွေ မဲလာပေးစဉ် ပြည်သူ့ပါတီကို မဲပေးဖို့ စည်းရုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမှုဖွင့်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သူတို့နှစ်ဦးဟာ ပြည်သူ့ပါတီကို မဲပေးဖို့ပြောဆိုမှုကြောင့် မဲရုံးတာဝန်ရှိသူတွေနဲ့ ပြဿနာတက် စကားများပြီးနောက် ဖမ်းဆီးအမှုဖွင့်ခံလိုက်ရတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးကိုတော့ သိမ်ဆိပ်နယ်မြေရဲစခန်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) အရ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း သထုံမြို့နယ် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းဆန်းဝင်းနိုင်နဲ့အဖွဲ့ဟာ မရမ်းကုန်း ကျေးရွာအတွင်း မဲဆွယ်စည်းရုံးရေးလုပ်နေချိန် ကျေးရွာပြည်သူစစ်ခေါင်းဆောင် ဦးစိန်သန်းနဲ ပြဿနာတက် ရန်ဖြစ်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
သထုံမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ကော်မရှင် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံ ၈၀ ထားရှိခဲ့ပြီး မဲလာပေးသူ အရေအတွက် ၄၀၀၀၀ ကျော်ရှိခဲ့တယ်လို့ စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သထုံမြို့နယ် ရွေးကောက်ပွဲမှာတော့ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကသာ ကိုယ်စားလှယ်နေရာ သုံးနေရာလုံး အနိုင်ရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

