ချောင်းဆုံ၊ ဒီဇင်ဘာ ၂၉
ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နောက်ကျမဲနဲ့ အနိုင်ရရှိသွားတယ်လို့ ဒေသခံတွေအပါအဝင် နိုင်ငံရေးပါတီ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးအောင်ကြည်သိန်းဟာ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းအချိန်ထိ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ဦးနိုင်ထွန်းဦးကို မဲအရေအတွက် ၅၀၀ ကျော် ရှုံးနိမ့်နေတာပါ။
ဒါပေမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်အစောပိုင်း မဲရေတွက်မှု ပြီးစီးချိန်မှာတော့ ဦးအောင်ကြည်သိန်းက မဲအရေအတွက် ၅၀၀ ကျော်နဲ့ ပြန်လည်အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ဦးအောင်ကြည်သိန်း နောက်ကျမဲနဲ့ အနိုင်ရရှိမှုအပေါ် ဒေသခံတွေအပါအဝင် မွန်ညီညွှတ်ရေးပါတီဘက်က သံသယရှိနေတာ ဖြစ်ပါတယ်။
ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း မင်းစိုးသူ၊ အမျိုးသားလွှတ်တော် နေရာအတွက် မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း နိုင်အမ်ချမ်းမွန်တို့ အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

