သထုံခရိုင်မှာ လူငယ်တွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲခံနေရ

သထုံ၊ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ လူငယ်တွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲခံနေရပြီး ဖမ်းဆီးခံရတဲ့ လူငယ်အများစုဟာ စစ်မှုထမ်း တပ်သား စုဆောင်းခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ စစ်ကော်မရှင်တပ်က အခုဒီဇင်ဘာလအတွင်း လူငယ်တွေကို ဆက်တိုက်ဆိုသလို ပေါ်တာဆွဲ ဖမ်းဆီးနေတာပါ။

အထူးသဖြင့် စစ်ကော်မရှင်ဟာ လမ်းသွားလမ်းလာ လူငယ်တွေနဲ့ ခရီးသွားလူငယ်တွေကို ပစ်မှတ်ထားပြီး ပေါ်တာဆွဲ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ အခုရက်ပိုင်းအတွင်း “ဖမ်းစား” စီမံချက် ရှိနေတာကြောင့် လူငယ်တွေအနေနဲ့ အသွားအလာ အထူးသတိထားကြဖို့ တိုက်တွန်းတာပါ။

“ဖမ်းဆီး”စီမံချက်ဟာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်မှန်သမျှ ဖမ်းဆီးပြီး အဲဒီထဲမှာ ငွေကြေးတတ် နိုင်သူတွေကို ငွေကြေးတောင်းခံပြီး ပြန်လွတ်လာနိုင်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့သူကတော့ စစ်မှုထမ်းစုဆောင်းခံရမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ စစ်မှုထမ်း သင်တန်းအတွက် လူငယ်တွေကို ငွေပေး စည်းရုံးတာ၊ ညအချိန်မတော် အပြင်ထွက်တဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာတွေအပြင် နည်းအမျိုးမျိုးနဲ့ အတင်း အဓမ္မ စစ်သားစုဆောင်းနေတာပါ။

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၀ အထိ ဒေသတွင်းမှာ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၄၀၀၀ နီးပါး ရှိလာခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.