ကျိုက်ထို၊ ဒီဇင်ဘာ ၂၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စုမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် ၁၂ နာရီအချိန်လောက်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်ရေး လေယာဉ် တစ်စီးဟာ ခရွဲကျေးရွာအုပ်စုထဲကို ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲချပြီး ရော့ကတ်တွေနဲ့ ပစ်ခတ်သွားတာပါ။

အဲဒီဗုံးကြဲမှုကြောင့် ခရွဲကျေးရွာအုပ်စု ချောင်းဝရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ ဆိုင်ကယ် တစ်စီး ဗုံးထိမှန်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
လေကြောင်းဗုံးကြဲပြီးနောက် ကျိုက်ထိုအခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ၁၂၀ မမ သုံးလုံး ထပ်မံ ပစ်ခတ်ခဲ့တဲ့အတွက် ခရွဲနဲ့ချောင်းဝရွာ အနီးပတ်ဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အလားတူ အဲဒီနေ့ နေ့လည် ၃ နာရီအချိန်လောက်မှာလည်း စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ ကရင်ပြည်နယ် ဘားအံမြို့နယ် ကျုံစိန်ရွာကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး နှစ်လုံး ထပ်မံကြဲချသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဟာ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စုထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အခိုင်ရွာနေ ဦးသန်းညွှန့် နေအိမ် ထိမှန်ပျက်စီးခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲနီးလာချိန် စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ နေထိုင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

