ပုလောမှာ CDM ဆရာမ ဇနီးမောင်နှံ သတ်ဖြတ်သူ လေးဦး ဖမ်းမိပြီ

ပုလော၊ ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်း ပုလောမြို့နယ် ဆားခဲကျေးရွာနေ CDM ဆရာမ ဇနီးမောင်နှံ နှစ်ဦးအား သတ်ဖြတ်ခဲ့တဲ့သူ လေးဦးကို ဖမ်းမိထားတယ်လို့ ကရင်အမျိုသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းမိထားတဲ့ တရားခံ လေးဦးဟာ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅) အချုပ်စခန်းကနေ ထွက်ပြေးလာသူတွေဖြစ်တဲ့ မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နဲ့ မောင်ဝင်းစိုးတို့ ဖြစ်ပါတယ်။

သူတို့လေးဦးဟာ ပြစ်မှုကျူးလွန်ပြီးနောက် ထိုင်းနိုင်ငံကို ထွက်ပြေးဖို့ ကြိုးပမ်းစဉ် ပုလောမြို့နယ် မတောကျေးရွာရှိ ယာတဲတစ်ခုမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိထားတဲ့ တရားခံလေးဦးကို ကော်သူးလေတရားဥပဒေတွေနဲ့အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မူးယစ်ဆေးဝါးအမှုနဲ့ အချုပ်စခန်းကနေ ထွက်ပြေးလာတဲ့ အဲဒီတရားခံ လေးဦးအနက် မောင်ဝင်းစိုးဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်အစောပိုင်းက CDM ဆရာမ ဒေါ်အေးသီအောင် အိမ်ပေါ်တက်ကာ ထမင်းတောင်းစားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထမင်းတောင်းစားချိန် ဆရာမဘက်က ထမင်းမရှိဘူး ကုန်နေတယ်လို့ ပြန်ပြောတာကို ဓားနဲ့ခုတ်လိုက်ချိန် ဆရာမ အော်သံကို ကြားလို့ ခင်ပွန်းသည်မှ ထွက်ကြည့်တဲ့အခါ ကျန်တဲ့အပြစ်သား သုံးဦးက ဆရာမရဲ့ ခင်ပွန်းကိုပါ ဖမ်းချုပ်ထားပြီး မောင်ဝင်းစိုးမှာ ဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ကို သတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဆရာမတို့ ဇနီးမောင်နှံ ပိုင်ဆိုင်တဲ့ နားကပ်၊ ဆွဲကြိုး နဲ့ လက်ကောက်တို့ကို ယူဆောင်ကာ နေအိမ်ကနေ ထွက်ပြေးသွားကြပြီးနောက် ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံလည်းဖြစ်တဲ့ ဆရာမကြီး ဒေါ်အေးသီအောင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကတည်းက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပြီး ဒေသတွင်းက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စာတက် မြောက်ရေးမှာ ဦးဆောင်ကြိုးပမ်းနေသူ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.