ထားဝယ် ဒီဇင်ဘာ ၂၁
တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုထဲက ကမ်းတိုရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က အမျိုးသား တစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းကနေလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီနေ့က မနက် ၈ နာရီအချိန် ကမ်းတိုရွာမှာ နေထိုင်သူ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ ရော်ဘာခြစ်ပြီး အိမ်သို့ ပြန်လာချိန်မှာ အခုလို မြေမြှုပ်မိုင်း နင်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုင်းနင်းမိခဲ့တဲ့ အဲဒီအမျိုးသားဟာ ခြေထောက်ပြတ်သွားပြီး ခန္ဓာကိုယ်မှာ မိုင်းစတွေ စင်သွားခဲ့ကြောင်း၊ သူ့ကို မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကမ်းတိုရွာကို စစ်ကြောင်း ထိုးခဲ့တဲ့ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေက လမ်းမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို တော်လှန်ရေးတပ်တွေက လာရောက်ဖော်ဆောင်ခဲ့ပေမယ့် ကျန်နေသေးတဲ့ မိုင်းကနေ အခုလိုပေါက်ကွဲတာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

