မွန်မှာ ဖမ်းဆီးထားတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို အရာရှိပိုင်းတွေက ပြန်ရောင်းစားနေ

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်အတွင်း တရားမဝင် ကုန်ပစ္စည်း တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုန်သည်တွေဆီက ဖမ်းဆီးထားတဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ကော်မရှင် လက်အောက်ခံတွေက ပြန်ရောင်းစားတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်၊ရဲနဲ့ ဌာနဆိုင်ရာတွေဟာ နယ်စပ်ကနေ ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းတွေဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ဝင် မြို့ထွက်နေရာတွေ၊ စစ်ကော်မရှင်တပ်ဂိတ်တွေအပြင် လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ဂိတ်တွေမှာ ဖမ်းဆီးနေတာပါ။

ဖမ်းဆီးရမိတဲ့ ထိုင်းကုန်ပစ္စည်းတွေကိုတော့ စစ်ကော်မရှင် လက်အောက်ခံတွေက အထက်ကို အနည်းငယ်လောက်သာ အဖမ်းပြပြီး အောက်ခြေမှာတော့ ရာထူးအဆင့်အလိုက် ဝေစုခွဲယူကာ ပြန်လည်း ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင်လက်အောက်ခံတွေဟာ ကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး သူခိုးဈေးနဲ့ ပြန်ရောင်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူသုံးပစ္စည်းတွေ စက်ပစ္စည်းတွေ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ တစ်သုတ် ဖမ်းလိုက် ကားနဲ့ တင်သွားလိုက် ဝယ်တဲ့သူက လာစောင့်ဝယ်တယ်။ သူတို့ဆီက ဝယ်ရင် တစ်ဝက် ဈေးနဲ့ သူခိုးဈေးနဲ့ ပြန်ဝယ်တယ်။ပြန်ရောင်းရင် အမြတ်ရတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံတွေအနေနဲ့ သူတို့ ရရှိတဲ့ ဝေစုထဲက ကုန်ပစ္စည်း အမျိုးအစားပေါ် မူတည်ကာ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းချတာ ရှိသလို တချို့ တွေကတော့ ဆိုင်တွေနဲ့ ချိတ်ဆက်ကာ ဖောက်သည်သွင်းတာတွေက အစ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ကုန်သည် တစ်ဦး ကတော့ စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲပြီးတဲ့ ဘာကုန်ပစ္စည်းမှကို ပေးမသယ်ဘဲ ဖမ်းဆီး နေသလို အခုလို ဖမ်းဆီး နေတာကြောင့်လည်း ဈေးကွက်အတွင်း ကုန်ပစ္စည်း အများစု ပြတ်လပ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက ဘာမှကို သယ်လို့ မရတာ ရွေးကောက်ပွဲ ပြီးတဲ့ အထိ ပိတ်ထားမယ်လို့ ပြောတယ်။ရွေးကောက်ပွဲ ပြီးမှ သူတို့ စာကပ်ပြီးတော့ သယ်ခွင့်ပေးမယ်လို့ ပြောတယ်။ အခုအကုန်ပြတ်နေပြီး ဈေးကွက်ထဲမှာ ပြတ်သွားပြီ။ အခုက ကားသေးလေးတွေနဲ့ အိမ်စီးကား တွေနဲ့ ဥပမာ တစ်ဖာ နှစ်ဖာ အဲဒါမျိုးလေး တွေတော့ ဝင်တော့မယ်နဲ့ တူတယ်၊ ကျန်တာ မရှိတော့ဘူး”လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကော်မရှင်ဟာ ကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတဲ့ နေရာမှာ ကုန်ပစ္စည်းတွေ သိမ်းဆည်းတာ၊ သယ်ဆောင်တဲ့ မော်တော်ယာဉ်တွေကို သိမ်းဆည်တာအပြင် သယ်ဆောင်တဲ့သူတွေကိုပါ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကော်မရှင်တပ် အရာရှိတွေဟာ ကုန်ပစ္စည်း မှောင်ခိုသယ်ယူ ပို့ဆောင်မှုတွေမှာ တိုက်ရိုက်ပါဝင်နေပြီး အဲဒီကနေ ငွေကြေး အများအပြား ရရှိနေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကော်မရှင် ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တွေကတော့ တရားမဝင် ကုန်သွယ်မှုတွေမှာ သူတို့ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်မှု ရှိတာကြောင့် ပြင်းပြင်းထန်ထန် အရေးယူ သွားမယ်လို့ မကြာခဏ ထုတ်ပြောလေ့ ရှိပေမယ့် မြေပြင် အခြေအနေနဲ့ ကွာခြား နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဟာ စစ်ကော်မရှင်က ဖမ်းဆီးနေတဲ့ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်း အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက အသုံးပြု နေရပြီး စစ်ကော်မရှင်ရဲ့ ဖမ်းဆီးမှုကြောင့် ဈေးနှုန်း မြင့်တက်မှုနဲ့ ပြတ်လပ်မှုတွေကိုပါ မကြာခဏ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.