မော်လမြိုင် ၊ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ မတိုင်မီအထိ လောင်းက စားဝိုင်းတွေကို ရက်တိုးခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်နယ်စစ်ကော်မရှင်ဟာ အရင်က လောင်းကစားဝိုင်းတွေကို ရွေးကောက်ပွဲ မတိုင်ခင် ဒီဇင်ဘာ ၂၁ ရက်နေ့အထိသာ ပြုလုပ်ခွင့်ပေးထားရာမှ လက်ရှိမှာ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ရက်တိုးခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
လောင်းကစားဝိုင်းတွေအနေနဲ့ သတ်မှတ်ရက်ပြည့်ပါက ရွေးကောက်ပွဲပြီးတဲ့အထိ ယာယီရပ်နားထားရမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ပြီးပါက ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးသွားမယ်လို့ စစ်ကော် မရှင်နဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ ခိုးဆိုးလုယက်မှုတွေ ပိုများလာပြီး ကျောင်းသားလူငယ်တွေပါ ပျက်စီးလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လောင်းကစားဝိုင်းတွေကတော့ နေ့တိုင်း ရှိတယ်။ ဒီလောင်းကစားဝိုင်း များလာလေ သူခိုးဂျပိုးတွေ ပေါတယ်။ လုယက်မှုတွေ များတယ်။ ကျွန်တော်တို့ ဒီဘက်မှာဆိုရင် ကျောင်းသားတွေက ကစား ကပြီးတော့ ကျောင်းသွားမနိုင်တာတို့ အိပ်ရေးပျက်တာတို့ ကျောင်းပြေးတာတို့ အဲဒီလိုမျိုးတွေ ဖြစ်တယ်လေ”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင် ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် လူငယ်တွေ အကျင့်စာရိတ္တပျက်ပြားတာ၊ တချို့တွေ အနေနဲ့ စီးပွားပျက်တာအပြင် မိသားစု အဆင်မပြေတာတွေကအစ တွေ့လာရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းမှာတော့ စစ်ကော်မရှင်ဟာ လောင်းကစားဝိုင်းတွေကို ဘုရားပွဲ၊ ဆွမ်းကြီးလောင်းပွဲ၊ ကထိန်းပွဲ၊ ရာသီပွဲတော်တွေ အပြင် အကြောင်းအမျိုးမျိုးပြပြီး ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေကအစ တရားဝင်သဖွယ် ရက်ရှည် ခွင့်ပြုပေးထားတာပါ။
လောင်းကစားဝိုင်းတွေက ရရှိတဲ့ ငွေကြေးတွေကိုတော့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်၊တိုင်းမှူးအပါအဝင် ဌာနဆိုင်ရာအဆင့်ဆင့်က ရယူတဲ့အပြင် လုံခြုံရေးကအစ စစ်ကော်မရှင် လက် အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက တာဝန်ယူပေးထားတာ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကော်မရှင်ဟာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်း လောင်းကစားတွေ တိုက်ဖျက်ဖို့ဆိုကာ ကော်မတီတွေ ဖွဲ့ပေမယ့် မွန်ပြည်နယ်မှာတော့ မြေပြင် လောင်းကစားဝိုင်းတွေနဲ့ စည်းကား နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေကို ပွင့်လင်းရာသီ မတိုင်ခင်ကတည်းက တရားဝင်သဖွယ် ခွင့်ပြုပေးထားပြီး လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

