မော်စကိုမှာ ရုရှားဗိုလ်ချုပ် တစ်ဦး ကားဗုံးနဲ့ လုပ်ကြံသတ်ဖြတ်ခံရ

မော်စကို၊ ဒီဇင်ဘာ ၂၂

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ဗိုလ်ချုပ်တစ်ဦး ကားဗုံးနဲ့ လုပ်ကြံ သတ်ဖြတ်ခံရကြောင်း အရာရှိတွေက ပြော ပါတယ်။

ကားတစ်စီးအောက် ထောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်း ဖောက်ခွဲခံရတာကြောင့် ဒုဗိုလ်ချုပ် ဖာနေးလ် ဆာဗာရော့ဗ် သေဆုံးသွားကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။

အသက် ၅၆ နှစ်အရွယ် ဖာနေးလ် ဆာဗာရော့ဗ်ဟာ ရုရှား စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်ရေးဌာနရဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ အဲဒီကော်မတီက အတည်ပြုပါတယ်။

စုံစမ်း စစ်ဆေးမှု ရလဒ်တစ်ခု အနေနဲ့ ယူကရိန်း ထောက်လှမ်းရေး ပါဝင် ပတ်သက်နေတဲ့ လှုပ်ရှားမှုနဲ့အတူ အခုလို ဗုံးခွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ရုရှား စုံစမ်း စစ်ဆေးရေး ကော်မတီက ဆိုတာပါ။

ယူကရိန်း စစ်တပ်ကတော့ အဲဒီဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြောဆိုထားတာ တစ်စုံတစ်ရာ မရှိသေးပါဘူး။

မော်စကိုမြို့ တောင်ဖက်ရှိ လူနေ တိုက်ခန်း ကားရပ်နားရာ နေရာအနီး အခင်းဖြစ်ပွားရာ နေရာသို့ စုံစမ်းစစ်ဆေးရေးမှူးတွေကို စေလွှတ်ခဲ့ပြီးနောက် အခုလိုမျိုး စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကားတော်တော်များများ အနီးမှာ ရှိနေတဲ့ကြားက အဲဒီ ကားရဲ့ ပြတင်းပေါက်တွေ ပေါက်ကွဲ ထွက်သွားတဲ့ ပုံကို ရုရှား မီဒီယာတွေက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက အင်အား အပြည့်အဝ ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှား ပိုင်နက်ထဲမှာပဲ လုပ်ကြံ သတ်ဖြတ်ခံရတဲ့ စစ်ဖက်ဆိုင်ရာ အရာရှိ အရေအတွက် ပိုများလာပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ရုရှား စစ်ဗိုလ်ချုပ် တစ်ဦး အခုနှစ်ဧပြီလက မော်စကိုမြို့မှာ ကားဗုံးနဲ့ပဲ ရုရှား ဗိုလ်ချုပ် တစ်ဦး လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ယူကရိန်းက တရားဝင် ဝန်ခံ ပြောကြားတာ တစ်ခါမှ မရှိသေးဘူးလို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှား ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ တစ်ယောက်ပြီး တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံနေရပေမယ့် ယူကရိန်းက ဂုဏ်ယူ ပြောဆို ကြေညာထားတာ မရှိသလို ရုရှားက ဖမ်းဆီးရမိတဲ့ လူတွေထဲမှာလည်း အဓိက လက်သည်တွေ ပါဝင်နေတာ မတွေ့ရသေးပါဘူး။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.