ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၂
အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ သီတင်းနှစ်ပတ်ကြာ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘောဒီးယားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၅ သိန်းကျော် ရှိပြီး ဖြစ်ကြောင်း ဖနွမ်းပင် ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက်မှာပြောလိုက်ပါတယ်။
လောလောဆယ် ကမ္ဘောဒီးယားမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၅ သိန်းကျော်ရှိပြီး ထိုင်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အခက်ကြုံနေရကာ စစ်ဘေးရှောင် ၅၁၈၆၁၁ ဦးရှိပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ထိုင်းမှာ စစ်ဘေးရှောင်နေရသူ ၄ သိန်းရှိကြောင်း ဘန်ကောက်အစိုးရက ဆိုပါတယ်။
အခုလအတွင်း တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေ အက်ဖ်-၁၆ တိုက်လေယာဉ်တွေလည်း ပါဝင်နေပြီး ထိုင်းမှာ သေဆုံးသူ ၂၂ ဦးနဲ့ ကမ္ဘောဒီးယားမှာ သေဆုံးသူ ၁၉ ဦးရှိကြောင်း သိရပါတယ်။
ကီလိုမီတာ ၈၀၀ ရှည်တဲ့ နှစ်နိုင်ငံ နယ်စပ်တလျှောက် ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ နယ်စပ် အငြင်းပွားမှုတွေကြောင့် တိုက်ပွဲတွေ အခုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဇူလိုင်လက လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ ငါးရက်ကြာ စစ်ပွဲပြီးနောက် တကျော့ပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စတင်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
အပစ်အခတ်ရပ်စဲရေး တရုတ်၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ အာဆီယံ ဥက္ကဋ္ဌ မလေးရှားနဲ့ ကုလသမဂ္ဂတို့က အပစ်အခတ်ရပ်စဲကြဖို့ တိုက်တွန်းထားပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်း အပါအဝင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီဇင်ဘာ ၂၂ ရက် ကွာလာလမ်ပူမြို့မှာ အစည်းအဝေး ကျင်းပနေပြီး နှစ်နိုင်ငံပြဿနာနဲ့ ပတ်သက်လို့ တင်ပြသွားမယ်လို့ ထိုင်းက ပြောထားပါတယ်။
ကွာလာလမ်ပူမှာ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကမ္ဘောဒီးယားက အသစ်ထောင်ထားတယ်ဆိုတဲ့ မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သား တစ်ဦး ခြေထောက်ပြတ်သွားခဲ့ပြီး တင်းမာမှုတွေ ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စတင်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲနေကြပြီး ထိုင်းက တိုက်လေယာဉ်တွေ အသုံးပြုပြီး ကမ္ဘောဒီးယားရဲ့ ပစ်ခတ်နိုင်စွမ်းလျော့ကျသွားအောင် လုပ်ဆောင်နေပါတယ်။
အပစ်အခတ်ရပ်စဲရေး ကမ္ဘောဒီးယားက စတင် အဆိုပြုရမှာ ဖြစ်ပြီး တတိယနိုင်ငံ တစ်နိုင်ငံက အဆိုပြုတာကို လက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းက ပြောထားပါတယ်။
လောလောဆယ် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး တရုတ်နဲ့ အမေရိကန်တို့က သံတမန်နည်းလမ်းအရ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။
Ref:AFP

