ရီးယာ့ဒ်၊ ဒီဇင်ဘာ ၂၂
ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက်သတ်ဖြတ်ခံရသူ အရေအတွက် နှစ်နှစ်ဆက်တိုက် စံချိန် အသစ်တင်ခဲ့တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ရှုတ်ချထားပါတယ်။
၂၀၁၄ ခုနှစ်မှာ သေဒဏ်ပေးခဲ့သူ ၃၄၅ ဦးရှိခဲ့ပြီး အခုနှစ်အတွင်း သေဒဏ်ချမှတ်ခံရသူ ၃၄၇ ဦးရှိကြောင်း ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက်သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Reprieve က ပြောပါတယ်။

ဒီနှစ်ဟာ ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက်သတ်ဖြတ်မှုတွေကို မိမိတို့ လေ့လာစောင့်ကြည့်ပြီး နောက်ပိုင်း ကွပ်မျက်ခံရသူ အရေအတွက် အများဆုံးနှစ်ဖြစ်တယ်လို့ အဲဒီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။
ဆော်ဒီအာရေးဗီးယားမှာ နောက်ဆုံး ကွပ်မျက်သတ်ဖြတ်ခံရမယ့် အကျဉ်းသားနှစ်ဦးကတော့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပြစ်မှုတွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ပါကစ္စတန်နိုင်ငံသားတွေ ဖြစ်ပါတယ်။
အခုနှစ် သေဒဏ်ချမှတ်ခံရသူတွေထဲမှာ ဂျာနယ်လစ် တစ်ယောက်လည်း ပါဝင်ပြီး ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်တဲ့ ဥပဒေချိုးဖောက်မှုတွေကြောင့် ပြစ်ဒဏ်ချမှတ်ခံရချိန်မှာ ကလေးသာသာ ရှိသေးတဲ့ လူငယ် နှစ်ယောက် ပါဝင်ပါတယ်။
သေဒဏ်ချမှတ်ခံရသူတွေထဲ အမျိုးသမီး ၅ ယောက်လည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ သေဒဏ်ချမှတ်ခံရသူ သုံးပုံနှစ်ပုံဟာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ မဆိုးရွားလွန်းတဲ့ ပြစ်မှုတွေ ကျူးလွန်မိခဲ့သူတွေ ဖြစ်တယ်လို့ Reprieve အဖွဲ့က ပြောပါတယ်။
ဆော်ဒီအာရေးဗီးယားရဲ့ သေဒဏ်ချမှတ်မှုတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ကုလသမဂ္ဂကလည်း ပြောဆိုထားပါတယ်။
သေဒဏ်ချမှတ်ခံရသူ ထက်ဝက်ကျော်ဟာ ဆော်ဒီအာရေးဗီးယားရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုအနေနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
ကွပ်မျက်သတ်ဖြတ်မှု များပြားလာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ဆော်ဒီအာရေးဗီးယား အစိုးရကို ဘီဘီစီသတင်းဌာနက ဆက်သွယ်ချိန်မှာ တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။
အခုအချိန်မှာ ဆော်ဒီအာရေးဗီးယား အစိုးရဟာ လုံးဝ ပြစ်ဒဏ်ကင်းလွတ်မှုနဲ့ သေဒဏ်ပေး ကွပ်မျက်နေပြီး လူ့အခွင့်အရေး စနစ်ကို လှောင်ပြောင်းသလို ဖြစ်နေတယ်လို့ Reprieve အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက သေဒဏ်ပေးမှုဆိုင်ရာအဖွဲ့ အကြီးအကဲ ဂျိဒ် ဘက်စ်ယော်နီက ပြောပါတယ်။
ဆော်ဒီအာရေးဗီးယားရဲ့ ရာဇဝတ်ကောင်များ ရုံးတင်စစ်ဆေးတဲ့ စနစ်မှာ နှိပ်စက် ညှဉ်းပန်းပြီး အတင်းအဓမ္မ ဝန်ခံခိုင်းတာတွေ တွေ့ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။
လူမှုအသိုင်းအဝိုင်းထဲ ဘေးဖယ်ခံထားရသူတွေနဲ့ အပြစ်မရှိတဲ့ လူတွေကို ရက်ရက်စက်စက် တစ်ဖက်သတ် နှိပ်ကွပ်မှုအတွက် အရေးယူပေးကြဖို့ အကြီးအကဲ ဂျိဒ်က နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က အီဂျစ် တံငါသည် တစ်ဦး ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက်သတ်ဖြတ်ခံခဲ့ရပါတယ်။
သူ့ကို ၂၀၂၁က ဆော်ဒီအာရေးဗီးယား ရေပိုင်နက်ထဲမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးဖို့ အကြပ်ကိုင်စေခိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက်သတ်ဖြတ်ခံရသူတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ဆေးခြောက်နဲ့ ပတ်သက်တဲ့ ဥပဒေချိုးဖောက်မှုကြောင့် ဖြစ်ကြောင်း သိရပါတယ်။
ဆော်ဒီအာရေးဗီးယားမှာ ဆန္ဒပြတာ ဖြစ်ဖြစ်၊ လွတ်လပ်စွာ သဘောထား ဖော်ပြတာ ဖြစ်ဖြစ် မူးယစ်ဆေးဝါးဥပဒေချိုးဖောက်တာပဲ ဖြစ်ဖြစ် ဘယ်သူဘယ်ဝါမဆို သေဒဏ်ချမှတ်ခံနေရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
Ref:BBC

