သည်ဟေ့ဂ်၊ ဒီဇင်ဘာ ၂၀
မွတ်စလင်လူနည်းစု ရိုဟင်ဂျာတွေအပေါ် မြန်မာ စစ်တပ်က လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICJ က ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အတွင်း ကြားနာ စစ်ဆေးသွားမှာ ဖြစ်ကြောင်း အဲဒီ ကုလသမဂ္ဂ ထိပ်တန်း တရားရုံးက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
ဒီအမှုဟာ ဆယ်စုနှစ် တစ်စုကျော်အတွင်း ICJ ရဲ့ အရည်အချင်းကို စမ်းသပ်မှုအဖြစ် ပထမဆုံး ကြားနာစစ်ဆေးမယ့် အမှုဖြစ်တာကြောင့် ဂါဇာ စစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို တောင်အာဖရိကက စွဲဆိုထားတဲ့ အမှုအပေါ် သက်ရောက်နိုင်တဲ့ နမူနာယူစရာ အမှု တစ်ခု ဖြစ်လာနိုင်ပါတယ်။

ကြားနာစစ်ဆေးမှု ပထမဆုံး သတင်းပတ်အတွင်း အနောက်အာဖရိကရှိ မွတ်စလင် အများစု နေထိုင်ရာ ဂမ်ဘီယာနိုင်ငံက သူတို့ရဲ့ တရားစွဲဆိုမှုကို ဇန်နဝါရီ ၁၂ ရက်ကနေ ၁၅ ရက်အထိ ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ ဂမ်ဘီယာက မြန်မာ အစိုးရဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ ၂၀၁၉ ခုနှစ်က ICJ မှာ တရားစွဲခဲ့တာဖြစ်ပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှု မကျူးလွန်ပါဘူးလို့ ငြင်းဆိုထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း ခုခံချေပဖို့ ကိုယ်စားလှယ် စေလွှတ်နိုင်ပါတယ်။

ကမ္ဘာ့ တရားရုံးလို့လည်း ခေါ်တဲ့ အဲဒီ တရားရုံးက ပုံမှန်မဟုတ်တဲ့ လုပ်ရပ် တစ်ခု အနေနဲ့ မျက်မြင်သက်သေတွေကို ကြားနာ စစ်ဆေးဖို့ အချိန် ၃ ရက် ခွဲပြီး သတ်မှတ်ထားပါတယ်။
အဲဒီ ကြားနာ စစ်ဆေးမှုကို အများပြည်သူနဲ့ မီဒီယာက ကြားသိခွင့် ရရှိမှာ မဟုတ်ပါဘူး။
၂၀၁၇ ခုနှစ်တုန်းက မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ရာ ၇၃၀၀၀၀ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်သို့ ထွက်ပြေးသွားခဲ့ရပြီး လူမျိုးတုန်းသတ်ဖြတ်မှု အပြုအမူတွေ တွေ့ရှိခဲ့ကြောင်း ကုလသမဂ္ဂ အချက်အလက်မှန် ရှာဖွေရေး အဖွဲ့က သုံးသပ်ထားပါတယ်။
ကုလသမဂ္ဂရဲ့ ရှာဖွေတွေ့ရှိချက်တွေမှာ အပြစ်အနာအဆာတွေ ပါဝင်နေပြီး ဘက်လိုက်ဆုံးဖြတ်ထားတာ ဖြစ်တယ်လို့ မြန်မာက ပြောဆိုပြီး ပယ်ချထားပါတယ်။
အဲဒီ နှိမ်နှင်းမှုဟာ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေကို နှိမ်နှင်းဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ မြန်မာ အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဒီအမှုကို နာဇီတို့ရဲ့ ဂျူးလူမျိုးတွေကို သန်နဲ့ချီပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားချိန်မှာ ပြဌာန်းခဲ့တဲ့ ၁၉၄၈ လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ဥပဒေအတရ တရားစွဲထားတာ ဖြစ်ပါတယ်။
လူမျိုး ဒါမှမဟုတ် ဘာသာရေး အုပ်စု တစ်စုကို လူမျိုးအလိုက် နိုင်ငံအလိုက် တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် တစ်အုပ်စုလုံးကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ် ကျူးလွန်တဲ့ အပြုအမူတွေကို လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အဲဒီဥပဒေမှာ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ထိပ်တန်း တရားရုံးကို တရားစီရင်ပိုင်ခွင့် ပေးထားတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု တရားစီရင်ရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာရော ဂမ်ဘီယာကပါ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။
အဲဒီ သဘောတူညီချက် ထွက်ပေါ်လာပြီး နောက်ပိုင်း ICJ က လူမျိုးတုန်း သတ်ဖြတ်တဲ့ အမှု တစ်ခုတည်းကိုပဲ အတည်ပြုထားတာ ရှိပါတယ်။
၁၉၉၀ ပြည့်နှစ် စစ်ပွဲအတွင်း ဘော့စနီးယား စစ်သားတွေက မွတ်စလင် လူကြီးလူငယ် ၈၀၀၀ လောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ၁၉၉၅ ဆားဘီးယား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တစ်မှုတည်းကိုပဲ ICJ က အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှုတွေမှာ သတ်ဖြတ်ခံရသူ အရေအတွက်လောက်ကိုပဲ မကြည့်ဘဲနဲ့ သတ်ဖြတ်မှု ရည်ရွယ်ချက်ကိုပါ အလေးထား ထည့်သွင်း စဉ်းစားဖို့ ICJ ကို တိုက်တွန်းထားတာတွေ ရှိပါတယ်။
Ref: REUTERS

