ဘန်ကောက်၊ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၀
ထိုင်းစစ်တပ်ရဲ့ စစ်ဆင်ရေး ပြုလုပ်တဲ့ နယ်မြေ ပိုမို ကျယ်ပြန့်လာနေပြီး နှစ်နိုင်ငံ နယ်စပ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမှုများ လျှော့ချရေး အမေရိကန်နဲ့ တရုတ်တို့က သံတမန်ရေးအရ လှုပ်ရှားမှုတွေ ဆက်တိုက်နီးပါး လုပ်ဆောင်နေကြပါတယ်။
ဒေသတွင်း တည်ငြိမ်မှု ပြန်လည် ရရှိရေး ကြားဝင် ညှိနှိုင်းသူတွေ ကြိုးပမ်းနေချိန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးက အလျှော့ပေးမယ့်ပုံ မတွေ့ရသေးပါဘူး။

အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ အမေရိကန်က ထိုင်းကို ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေကို နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပယ်ချထားပြီး ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်မယ်ဆိုရင် ကမ္ဘောဒီးယားဖက်က စတင်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မိမိတို့ရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ပါ့မယ်လို့ တရုတ်ကိုလည်း လုံးဝ ကတိမပေးထားကြောင်းနဲ့ အပစ်အခတ် ရပ်စဲဖို့ အတွက် အရင်က တောင်းဆိုထားတဲ့ အတိုင်းပဲ ဆက်လက် တောင်းဆိုထားတယ်လို့ သူက ဖြည့်စွက် ပြောကြားပါတယ်။

မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုနဲ့ ဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဆီဟာဆက်က အဲဒီ ဆွေးနွေးမှုဟာ နိုင်ငံတကာရဲ့ စိုးရိမ်မှုကြောင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပြဿနာရဲ့ သဘောသဘာဝအရ စစ်ပွဲ ကျယ်ပြန့်လာမှာကို နိုင်ငံအများက စိုးရိမ်နေတယ်လို့လည်း ဆီဟာဆက်က ပြောပါတယ်။
အမေရိကန်က မြေပြင်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပိုနားလည်နိုင်အောင် ကြိုးပမ်းနေပြီး တင်းမာမှု လျှော့ချနိုင်မယ့် နည်းလမ်းတွေကို လေ့လာနေသလို ကူညီပေးဖို့ အသင့်ရှိတယ်လို့ ပြောထားကြောင်း သူက ဖြည့်စွက် ပြောကြားပါတယ်။
ထိုင်းအနေနဲ့ တင်းမာမှုတွေ လျော့ကျအောင်လုပ်ဖို့ အဆင်သင့်ရှိပေမယ့် အပစ်အခတ် ရပ်စဲတာကို တစ်ဖက်သတ် လုပ်ဆောင်လို့ မရဘူးလို့ ဆီဟာဆက်က ပြောပါတယ်။
ဆွေးနွေးမှုတွေ မစခင်မှာ ကမ္ဘောဒီးယား အနေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာတွေ ရပ်တန့်ပြီး အမှန်တကယ် ပြေလည်လိုကြောင်း ပြသဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန်က ထိုင်းက ပြောပြတာကို များများ နားထောင်ပေးပြီး ဖိအားပေးတာ မရှိဘဲ ကူညီပေးဖို့ပဲ ပြောထားတာ ဖြစ်တယ်လို့ ဆီဟာဆက်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲဖို့ အဆိုပြုတာဟာ ကမ္ဘောဒီးယားဆီက တိုက်ရိုက် ထွက်ပေါ်လာရမှာ ဖြစ်ပြီး တတိယနိုင်ငံ တစ်နိုင်ငံဆီက ထွက်ပေါ်လာတာကို လက်ခံစရာ အကြောင်းမရှိဘူးလို့ ထိုင်းက ရှင်းရှင်းလင်းလင်း ပြောထား ပါတယ်။
ထိုင်း-ကမ္ဘောဒီးယား ပြဿနာကို ဒီဇင်ဘာ ၂၂ရက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးမှာ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
နှစ်နိုင်ငံစလုံးက အပစ်အခတ် ရပ်စဲဖို့ ဆန္ဒရှိတယ်ဆိုတဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိရဲ့ ပြောဆိုမှု နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဆီဟာဆက်က ထိုင်းဖက်ကအဲဒီလို ကတိပေးခဲ့တာမျိုး မရှိဘူးလို့ ပြောပါတယ်။
မိမိတို့ အနေနဲ့ တင်းမာမှုတွေ လျှော့ချဖို့ အသင့်ရှိတယ်လို့ ပြောခဲ့တာ ဖြစ်ပြီး စစ်ပွဲကို မကြာရှည်စေလိုဘူးလို့ပဲ ပြောခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နှစ်နိုင်ငံ ပဋိပက္ခ အတွင်း အမေရိကန်နဲ့ တရုတ် ကြားဝင် စေ့စပ် ပေးနေတာ ကြာပြီ ဖြစ်ပေမယ့် တရုတ်က လူမသိသူမသိ ဝင်ပါနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယားဆီက တရုတ်နိုင်ငံထုတ် လက်နက်ကြီးတွေကို ထိုင်းစစ်တပ်က သိမ်းဆည်းရမိပြီး နောက် တရုတ်က ပိုပြီး ထဲထဲဝင်ဝင် ဝင်ပါလာခဲ့ပါတယ်။
Ref:Bangkokpost

