ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀
ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့တွေကို ဆိုးဆိုးရွားရွား တိုက်ခိုက်မှုအတွက် လက်စားပြန်ချေတဲ့အနေနဲ့ ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ကို ကြီးကြီးမားမား တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။
ဆီးရီးယား အလယ်ပိုင်းရှိ နေရာတွေ အများကြီးက ပစ်မှတ် ၇၀ ကျော်ကို တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဂျော်ဒန်နိုင်ငံက လေယာဉ်လည်း ပါဝင်ခဲ့ကြောင်း အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေးဌာန Centcom က ပြောပါတယ်။

အိုင်အက်စ်အဖွဲ့ရဲ့ အဆောက်အဦတွေနဲ့ လက်နက်ထားသိုရာ နေရာတွေကို ပစ်မှတ်ထားပြီး ပဲ့ထိန်း ခဲယမ်းမီးကျောက် ၁၀၀ ကျော် အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
အိုင်အက်စ်အဖွဲ့ရဲ့ အမာခံ နေရာတွေကို အရမ်း အားကောင်းကောင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ပေါ်လ်မိုင်ရာမြို့မှာ ဒီဇင်ဘာ ၁၃ ရက်က အိုင်အက်စ်အဖွဲ့ရဲ့ ခြုံခို တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သားနှစ်ဦးနဲ့ အရပ်သား စကားပြန် တစ်ဦး သေဆုံးခဲ့ပါတယ်။
ဥရောပ၊ အာဖရိကနဲ့အင်ဒို-ပစိဖိတ်မှာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို ညွှန်ကြားနေတဲ့ ဗဟိုကွပ်ကဲရေး ဌာန Centcom က ဒီဇင်ဘာ ၁၉ ရက် အရှေ့တိုင်း စံတော်ချိန် ညနေ ၄ နာရီမှာ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
ဒေသတွင်းရှိ အမေရိကန်တွေနဲ့ မိမိတို့ရဲ့ လက်တွဲဖော်တွေကို အန္တရာယ်ပေးဖို့ ကြိုးပမ်းနေတဲ့ အကြမ်းဖက်သမားတွေကို မညှာမတာ ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း Centcom ရဲ့ တပ်မှူး ရေတပ်ဗိုလ်ချုပ် ဘရက်ဒ် ကူးပါးက ပြောပါတယ်။
အဲဒီ စစ်ဆင်ရေးဟာ စစ်ပွဲ တစ်ပွဲရဲ့ အစ မဟုတ်ဘဲ သတိထားနေကြဖို့ ကြေညာလိုက်တာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ် ဟက်ဆက်က ပြောပါတယ်။
ကမ္ဘာကြီးရဲ့ဘယ်နေရာမှာ မဆို အမေရိကန်တွေကို ပစ်မှတ်ထားမယ်ဆိုရင် ခင်ဗျားတို့ကို ရှာဖွေပြီး မညာမတာ သတ်ဖြတ်ပစ်မှာ ဖြစ်ကြောင်း မိမိတို့ ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက် ပြောပါတယ်။
ထရန့်က မိမိကတိပေးထားတဲ့အတိုင်း လူသတ်ကောင် အကြမ်းဖက် သမားတွေကို အရမ်း လေးလေးနက်နက် လက်တုံ့ပြန်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆီးရီးယား အစိုးရကလည်း မိမိတို့ရဲ့ စစ်ဆင်ရေးကို အပြည့်အဝ ထောက်ခံတယ်လို့ သူက ဆိုပါတယ်။
ရက်ကာနဲ့ ဒီယာအာဇိုမြို့အနီးရှိ အိုင်အက်စ်အဖွဲ့ရဲ့ တည်နေရာတွေ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (OBHR) က ပြောထားပါတယ်။
ထင်ရှားတဲ့ အိုင်အက်စ် ခေါင်းဆောင် တစ်ဦးနဲ့ တိုက်ခိုက်ရေးသမား အတော်များများ သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အိုင်အက်စ်အဖွဲ့က လူသိရှင်ကြား မှတ်ချက်ပြုထားတာ မရှိသေးပါဘူး။
ဆီးရီးယားသမ္မတ မထိန်းချုပ်နိုင်သေးတဲ့ ဒေသ တစ်ခုမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာလည်း အမေရိကန် စစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အမေရိကန်က လက်စားပြန်ချေပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက အမေရိကန် ထောက်ပံ့ထားတဲ့ ဆီးရီးယား တိုက်ခိုက်ရေး သမားများ မဟာမိတ်အဖွဲ့က အိုင်အက်စ် အဖွဲ့ဟာ ဆီးရီးယားမှာ သူတို့ ထိန်းချုပ်ထားတဲ့ လက်ကျန် နယ်မြေတွေကို ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ နောက်ပိုင်းမှာ အိုင်အက်စ် အဖွဲ့က တိုက်ခိုက်မှု တချို့ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ဆီးရီးယားနဲ့ အီရတ်မှာ အိုင်အက်စ် တပ်ဖွဲ့ဝင် အင်အား ၅၀၀၀ ကနေ ၇၀၀၀ လောက်အထိ ရှိနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
Ref:BBC

