ဘင်္ဂလားဒေ့ချ်မှာ ဆန္ဒပြ လူငယ်ခေါင်းဆောင် လုပ်ကြံခံရပြီးနောက် ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ပြန်ဖြစ်နေ

ဒါကာ၊ ဒီဇင်ဘာ ၁၉

၂၀၂၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာ အစိုးရကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှု အတွင်း အထင်ကာရ လူငယ်ခေါင်းဆောင် ရှရစ်ဖ် အော်စမန် ဟာဒီ သေဆုံးသွားပြီးနောက် ဘင်္ဂလားဒေ့ချ်နိုင်ငံမှာ အကြမ်းဖက် ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

သူဟာ မြို့တော် ဒါကာမှာ ဗလီတစ်ခုကနေ ဝတ်ပြုပြီး ထွက်လာချိန် မျက်နှာဖုံးစွပ် သေနတ်သမားတွေရဲ့ ပစ်ခတ်တဲ့ ဒဏ်ရာတွေကြောင့် စင်ကာပူသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူနေချိန်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဟာဆီနာ ရာထူးက ဖယ်ရှားခံရပြီးနောက်ပိုင်း ပထမဆုံးကျင်းပမယ့် ဖေဖော်ဝါရီ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်ထားသူ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ချ်နိုင်ငံရဲ့ ထင်ရှားတဲ့ သတင်းစာတိုက် နှစ်ခု ဖြစ်တဲ့ The Daily Star နဲ့ Prothom Alo တို့ရဲ့ ရုံးခန်းတွေကို ဒီဇင်ဘာ ၁၈ ရက်ညမှာ ဆန္ဒပြသူတွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ဟာဒီအနေနဲ့ အသက်ဘေးက လွတ်မြောက်ပြီး ပြန်လာလိမ့်မယ်လို့ မျှော်လင့်ရင်းနဲ့ ဒီဇင်ဘာ ၁၉ ရက်မှာလည်း အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ချ် ယာယီအစိုးရအဖွဲ့ကို ဦးဆောင်နေသူ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနာ့စ်က ဟာဒီကို ဆုံးရှုံးလိုက်ရတာဟာ နိုင်ငံအတွက် ပြန်မရနိုင်တဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ပြောပါတယ်။

သတင်းစာတိုက် အဆောက်အဦရဲ့ အထပ်နှစ်ထပ် မီးရှို့ခံခဲ့ရပြီး အထဲရှိ ပရိဘောဂတွေ အားလုံးလည်း ဖျက်ဆီးခံလိုက်ရတာကြောင့် ဒီဇင်ဘာ ၁၉ ရက်မှာ လုပ်ငန်းလည်ပတ်ဖို့ ဖြစ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ ဝန်ထမ်းတွေက ပြောပါတယ်။

ဆန္ဒပြသူတွေက အဲဒီလို အကြမ်းဖက်နေချိန် ဓာတ်ပုံသတင်းယူနေတဲ့ အဲဒီ သတင်းစာတိုက်က သတင်းထောက်ရဲ့ ကင်မရာတွေ မှန်ဘီလူးတွေ လုယူခံရတယ်လို့ သိရပါတယ်။

အကြာကြီး စုဆောင်းထားခဲ့တဲ့ မှတ်တမ်းတွေလည်း ဖျက်ဆီးခံလိုက်ရတယ်လို့ အဲဒီ ဓာတ်ပုံ သတင်းထောက်က ပြောပါတယ်။

ဒေသစံတော်ချိန် ည ၁၁ နာရီလောက်မှာ Daily Star သတင်းစာတိုက် ရုံးရှေ့သို့ လူတချို့ စတင် စုဝေးလာချိန်ကတည်းက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရှိနေတာ ဖြစ်ပေမယ့် ဘာမှ ကြားဝင် ဖြေရှင်းပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

နှစ်ပေါင်း ၃၅ နှစ်အတွင်း Daily Star နေ့စဉ် သတင်းစာ မထွက်နိုင်တာ ဒီနေ့ ပထမဆုံးပဲလို့ အက်ဒီတာ ခါမဲလ် အာမက်က ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

ဘင်္ဂါလီဘာသာနဲ့ ထုတ်ဝေနေတဲ့ Prothom Alo သတင်းစာတိုက်ရဲ့ ရုံးလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီ သတင်းစာတိုက် နှစ်တိုက်ဟာ အစိုးရ အဆက်ဆက် ဖိအားပေးမှုတွေ၊ ခြိမ်းခြောက်မှုတွေကို ဖြတ်ကျော်ပြီး ရပ်တည်လာခဲ့တဲ့ အဖွဲ့အစည်း နှစ်ခု ဖြစ်ပါတယ်။

ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် အရာရှိတွေက ကြေညာခဲ့ပြီးနောက်မှာ ဟာဒီ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.