ဘီးလင်း၊ ဒီဇင်ဘာ ၁၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဖိုးဝသိမ်းကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ဖိုးဝသိမ်ကျေးရွာထဲကို လက်နက်ကြီး ၁၂၀ မမ လေးလုံးထက်မနည်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီစစ်ကြောင်းဟာ ဖိုးဝသိမ်းကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ရွာသားတွေကို အပြင်ထွက်ခွင့် ပိတ်ပင်ထားတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း ဘီးလင်းဆေးရုံသို့ ပို့ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းကလည်း ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းတစ်ကြောင်းဟာ ဒေသခံ ၅၀ လောက်ကို ရွာအလယ်မှာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတဲ့ အဲဒီကျေးရွာ နှစ်ရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် အုပ်ချုပ်နယ်မြေဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU သထုံခရိုင် ပြောခွင့်ရထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ဘီးလင်းမြို့နယ်မှာ ရွေးကောက်ပွဲနီးကပ်လာချိန် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

