ဘန်ကောက်၊ ဒီဇင်ဘာ ၁၂
လွှတ်တော်ကို ဖျက်သိမ်းလိုက်ပေမယ့် ထိုင်းအစိုးရဟာ ထိုင်းပြည်သူတွေကို ကာကွယ်ရေး သေချာအောင် ဆက်လက် လုပ်ဆောင်နေပြီး နိုင်ငံတော် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေး တရားဝင် လုပ်ပိုင်ခွင့်အာဏာနဲ့အတူ လုပ်ငန်းဆောင်တာတွေကို ယာယီ အစိုးရအနေနဲ့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ဆိုင်ရာ ပူးတွဲပြန်ကြားရေး စင်တာက အတည်ပြုပါတယ်။
လွှတ်တော်ကို ဒီဇင်ဘာ ၁၁ ရက်မှာ ဖျက်သိမ်းလိုက်ပေမယ့် အစိုးရအနေနဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရေး ယာယီအနေနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာ ဆက်ရှိနေဆဲပဲလို့ အဲဒီ စင်တာရဲ့ ညွှန်ကြားရေးမှူး ပရာပတ်စ် ဆွန်ချိုင်ဒီက ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

ထိုင်း ဒေသအချို့ကို ကမ္ဘောဒီးယားက ချဉ်းနင်းဝင်ရောက်ပြီး တိုက်ခိုက်မှုတွေကြောင့် နယ်စပ်မှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။
ထိုင်းစစ်တပ်အနေနဲ့ ထိုင်းနဲ့ နိုင်ငံတကာ ဥပဒေတွေအရ သူတို့ရဲ့ ကိုယ်ကိုယ်ကို ကာကွယ်ပိုင်ခွင့်အတိုင်း လုပ်ဆောင်နေပြီး အရပ်သားတွေရဲ့ အသက်အန္တရာယ်တွေကို တားဆီးဖို့၊နိုင်ငံတော် အချုပ်အခြာ အာဏာကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတယ်လို့ ညွှန်ကြားရေးမှူး ပရာပတ်စ်က ပြောပါတယ်။

အများပြည်သူ အချိန်နဲ့ တပြေးညီ သတင်းအချက်အလက် ရရှိစေရေး ပူးတွဲပြန်ကြားရေး စင်တာက နောက်ထပ် သတင်းတွေကို ပွင့်လင်းမြင်သာရှိစွာ ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းလုံခြုံရေး ဥပဒေအရ နယ်စပ်ဒေသတွေမှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ အသက်ဝင်နေဆဲ ဖြစ်ပြီး အစိုးရနဲ့စစ်တပ်အနေနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့၊ စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ တရားဝင် လုပ်ပိုင်ခွင့်အာဏာ ရာနှုန်းပြည့် ရှိနေဆဲ ဖြစ်တယ်လို့ အဲဒီ စင်တာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းအနေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေးမူကို ကတိပြုထားဆဲ ဖြစ်ပြီး ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေး ရယူဖို့ ဆန္ဒရှိနေဆဲ ဖြစ်ကြောင်းလည်း အရာရှိတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ ထိုင်းစစ်တပ်အနေနဲ့ ထိုင်းနိုင်ငံသားတွေ ဘေးကင်းလုံခြုံရေး သေချာစေအောင် မိမိတို့နိုင်ငံကို လုံးဝ ဥပဒေနဲ့အညီ ခုခံ ကာကွယ်သွားမှာ ဖြစ်ကြောင်း ပရာပတ်စ်က ဆိုတာပါ။
အများပြည်သူအနေနဲ့အစိုးရ အေဂျင်စီတွေက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ အတိုင်း လိုက်နာကြဖို့နဲ့ အန္တရာယ်များတဲ့ ဒေသတွေကို ရှောင်ရှားကြဖို့ လုံခြုံရေး တာဝန်ယူနေသူတွေ အပေါ် အန္တရာယ်ကျရောက်စေနိုင်တဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ မဖော်ပြကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
Ref:Bangkookpost

